Tuesday, October 25, 2011

တရားမင်းသခင် - ၃၁။ သောကနိဂုံး


ဘုရားရှင် ကပိလ၀တ်သို့ ရောက်ရှိခဲ့သည်မှာ တစ်လပြည့်ပြီး၍ ရက်အနည်းငယ်ပင် စွန်းခဲ့လေပြီ။ ယခုအခါ ဇရာအို သုဒ္ဓေါဒနမင်းကြီး နာမကျန်းဖြစ်၍ သေရာညောင်စောင်း၌ လဲလျောင်းလျက် ရှိနေသည်။ ဘုရားရှင်သည် ခမည်းတော် မင်းကြီးကို သွားရောက်ကြည့်ရှုတော်မူ၏။ အားအင်ကုန်ခမ်း၍ နှုံးချိနေသော မင်းကြီး ငိုနေသည်ကို ဘုရားရှင် တွေ့တော်မူရ၏။

ဂိလာန မင်းကြီးသည် သူ့ အိပ်ယာဆီသို့ ဘုရားရှင် ကြွတော်မူလာသည်ကို မြင်လိုက်ရလျှင် စိတ်လှုပ်ရှားသွားပြီး ထရန် ကြိုးစား၏။

သို့ဖြစ်၍ “စိတ်အေးအေး ထားပါ ခမည်းတော်”ဟု ဘုရားရှင်က မိန့်တော်မူ၏။

သုဒ္ဓေါဒနမင်းကြီးသည် ရှိသမျှ အင်အားတို့ကို စုရုံး၍ စကားတစ်လုံးချင်း လေးလေးပင်ပင် ပြော၏။

“ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ . . . သားတော်ဘုရား . . .။ အနာကျက်ဖို့ အမှေးတက်နေတဲ့ . . . ခမည်းတော်ရဲ့ ဒဏ်ရာကို . . . တစ်ခါထပ်ပြီး ထိုးဆွခံလိုက်ရတယ် . . .။ စိတ်ဆင်းရဲလွန်းလှပါတယ် သားတော်ဘုရား . . .။ ဒီစိတ်နဲ့ပဲ သေရတော့မှာပါ . . .။ သားတော် . . . ခမည်းတော်မှာ ဖြေသိမ့်စရာ မရှိတော့ပါဘူး . . .။ ဘာမှလည်း မစားနိုင်တော့ပါဘူး . . .။”

“ခမည်းတော် . . . နေပြည်တော်အကြောင်း ပြောနေတာလား”ဟု ဘုရားရှင်က မေးတော်မူ၏။

“အဲဒါပါပဲ . . . သားတော်ဘုရား . . .။ ခမည်းတော် နတ်ရွာစံရင် . . . ကပိလ၀တ် ထီးနန်းကို . . . ရာဟုလာ ရမှာမဟုတ်ဘူး . . .။ ခမည်းတော် နတ်ရွာစံရင် . . . မဟာနာမ် မင်းသားကြီးကို . . . တိုင်းပြည်ထီးနန်း ပေးအပ်လိုက်ဖို့ . . . နောင်တော်ကြီး ဒေါတောဒနရဲ့ . . . သားကြီး သက္ကောဒနကလွဲလို့ . . . ခမည်းတော်ရဲ့ ညီတော်တွေ . . . အားလုံးက သဘောတူ . . . ဆုံးဖြတ်လိုက်ကြပြီ . . .။ ခမည်းတော်နဲ့ သက္ကောဒနကလွဲလို့ . . . ဘယ်သူကမှ ရာဟုလာကို . . . ထီးနန်းအမွေ . . . မပေးအပ်ချင်ကြဘူး . . .။ ထီးနန်းအမွေ ဆက်ခံသူ . . . ရွေးခြယ်ခွင့်ကို ခမည်းတော်ဆီကနေ . . . လုယူကြတယ် . . .။ ငိုရုံကလွဲလို့ . . . ခမည်းတော် ဘာမှ . . . မတတ်နိုင်တော့ဘူး . . .။ သွေးဆာနေတဲ့ သာကီဝင်တွေဟာ . . . ကောလိယတွေနဲ့ စစ်ခင်းရမှ . . . ကျေနပ်လိမ့်မယ် . . .။ သာကီဝင်တွေက . . . ခမည်းတော်ကို အပြစ်တင်ကြတယ် . . .။ ခမည်းတော်က ကောလိယမျိုးနဲ့ . . . ထိမ်းမြားလက်ဆက်ပြီး . . . လက်နက်ချ အလျှော့ပေးလိုက်တဲ့အတွက် . . . ရောဟိနီမြစ်ကို သာကီဝင်တွေ . . . မပိုင်ဆိုင်နိုင်တော့တာလို့ အပြစ်တင်ကြတယ် . . .။ ရောဟိနီမြစ်ကို ပြန်ရဖို့ . . . စစ်ခင်းရုံပဲ ရှိတော့တာ . . . တစ်ခြားနည်းလမ်း မရှိတော့တာမို့ . . . ရာဟုလာလို ကလေးတစ်ယောက်ကို . . . တိုင်းပြည်ထီနန်း . . . ပေးအပ်တာဟာ အလကားပဲလို့ . . . ပြောကြတယ် . . .။ ဒါကြောင့် . . . သူတို့က စစ်လိုလားတဲ့ . . . မဟာနာမ် . . . မင်းသားကြီးကို တိုင်းပြည်ထီးနန်း . . . လွှဲအပ်ဖို့ . . . ဆုံးဖြတ်ကြတာ . . .။ သားတော် . . . သားတော်ကိုလည်း သူတို့က . . . အပြစ်မြင်ကြတယ် . . .။ သားတော်က သားတော်ရဲ့ . . . သာသနာအတွက်ပဲ ကြည့်တယ် . . . နေပြည်တော်ကို ထည့်မစဉ်းစားဘူးလို့ . . . ပြောကြတယ် . . .။ ခမည်းတော်က . . . တဖြည်းဖြည်းနဲ့ . . . သင်္ချိုင်းနဲ့ . . . နီးလာပြီ . . .။ ခမည်းတော်ရဲ့ စိတ်ဓာတ်ဟာ . . . ပြည်တစိုစိုနဲ့ အနာကြီးလို . . . တစစ်စစ် ကိုက်ခဲနေပြီ . . .။ အို . . . သားတော်ဘုရား . . . ခမည်းတော် အားအင်ချိနဲ့ နေပြီ . . . အိုလှပြီ . . .။ မခည်းတော်ကို ဖြေသိမ့်ပေးနိုင်တဲ့အရာ . . . မရှိတော့ဘူးလား . . .။”

“ခမည်းတော် . . . သာကီဝင်တွေဟာ စစ်တိုက်ဖို့ပဲ စဉ်းစားနေကြတာ။ တရားဓမ္မအကြောင်းတော့ မစဉ်းစားကြဘူး။ တရားဓမ္မဆို လုံးဝကို ဂရုမစိုက်ကြဘူး။ ခမည်းတော်ကတော့ တရားဓမ္မရော၊ စစ်ရေးရော၊ နေပြည်တော်အရေးရော စဉ်းစားနေတာပဲ။ အဲဒီ သုံးခုထဲက တစ်ခုခုကိုပဲ စဉ်းစားပါ ခမည်းတော် . . .။ တရားဓမ္မ အကျင့်လမ်းဟာ ကိုယ်ရောစိတ်ပါ ပျော်ရွှင်ချမ်းမြေ့ဖို့ ဖြစ်ပါလိမ့်မယ်။ နေပြည်တော်အကြောင်း မစဉ်းစားပါနဲ့တော့။ ခမည်းတော် အိုပါပြီ။ အားအင်ချိနဲ့ နေပါပြီ။ ခမည်းတော် စစ်မြေပြင်လည်း မသွားနိုင်တော့ပါဘူး။ ရာဟုလာဟာလည်း နေပြည်တော်နဲ့ ပတ်သက်လို့ ဘာမှ မတွေးခေါ် မစဉ်းစားတတ်သေးတဲ့ ကလေးပါ။ ရာဟုလာလေး တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ စိတ်မကူးတတ်သေးချိန်မှာ ခမည်းတော်က ရာဟုလာကို ထီးနန်းလွှဲဖို့အရေး ဘာဖြစ်လို့ တွေးပူဆင်းရဲနေရတာလဲ။ ခမည်းတော် . . . တရားဓမ္မကို သိမြင်နာလည်တဲ့ ဥပါသကာ တစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ သရဖူဆောင်းတဲ့ အင်ပါယာ ဘုရင်တစ်ဆူရဲ့ စိတ်ဓာတ်ထက် ပိုပြီးတော့ ငြိမ်းချမ်းပါတယ်။ ကောင်းမြတ်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းလိုက်စမ်းပါ။ ခမည်းတော်ရဲ့ စိတ်ကို အကုသိုလ် အာရုံတွေကနေ လွတ်လွတ်ကင်းကင်း ထားလိုက်စမ်းပါ။”

“သားတော် . . . အကုသိုလ် အတွေးတွေကို . . . ရပ်တန့်လိုက်ဖို့ဆိုတာ ခမည်းတော်အတွက် . . . မဖြစ်နိုင်ပါဘူး . . .။ မျက်စိတွေ နားတွေ . . . ပိတ်ထားပေမယ့် သူတို့က . . . ဆက်တိုက်ကြီးကို ၀င်လာနေတယ် . . .။ အဲဒါတွေကြောင့် ခမည်းတော် . . . ဆင်းရဲနာကျင်နေရတာ . . .။”

“ကိုယ့်ကို ဆင်းရဲနာကျင်အောင်လုပ်တဲ့ အာရုံတွေကို ဘာဖြစ်လို့ တွေးကြံနေရတာလဲ ခမည်းတော် . . .။ ခမည်းတော်ကို ငြိမ်းချမ်းအောင် လုပ်ပေးနိုင်တဲ့ တွေးစရာအာရုံ မရှိတော့ဘူးလား။”

“ရှိတာပေါ့ . . . ရှိပါတယ် . . . သားတော်ဘုရား . . .။ သားတော်ဘုရားအကြောင်း စဉ်းစားရင် . . . စိတ်ငြိမ်းချမ်းတယ် . . .။ ခမည်းတော်ရဲ့ ကိုယ့်ကျင့်သီလနဲ့ . . . ပြည့်စုံတဲ့ ဘ၀အကြောင်း . . . စဉ်းစားရင် စိတ်ငြိမ်းချမ်းတယ် . . .။ ခမည်းတော် အနေနဲ့ . . . တိုင်းသူပြည်သားတွေ . . . သွေးစွန်းတဲ့စစ်ပွဲ ဆင်နွှဲချင်လာအောင် . . . မလှုံ့ဆော်ခဲ့ဖူးဘူး ဆိုတာကို . . . စဉ်းစားမိရင် . . . စိတ်ကျေနပ်တယ် . . .။ နောက်ပြီး ခမည်းတော် . . . ပျော်နိုင်တာက . . . ခမည်းတော်ရဲ့ သက်တမ်းတစ်လျှောက်လုံး . . . တိုင်းသူပြည်သားတွေကို ငြိမ်းချမ်းခြင်းနဲ့ . . . ကြွယ်ဝချမ်းသာခြင်းတွေသာ ပေးအပ်ခဲ့တာပဲ . . .။ ခမည်းတော်  ပြည်သူတွေကို . . . မနှိပ်စက်ဖူးဘူး . . .။ အနိုင်မကျင့်ဖူးဘူး . . .။ ငါ နိုင်တယ်ရယ်လို့ . . . မတရား မဖိနှိပ်ခဲ့ဘူး . . .။ တိုင်းပြည်ကို မေတ္တာနဲ့ပဲ . . . အုပ်ချုပ်လာခဲ့တာ . . .။ နေပြည်တော်မှာ ထူထောင်ထားတဲ့ . . . ဆင်တပ် . . . မြင်းတပ် . . . ရထားတပ် . . . ခြေလျင်တပ်တွေကိုလည်း . . . တိုင်းပြည်လုံခြုံရေး အတွက်ပဲ . . . အသုံးပြုခဲ့တာ . . .။ ပြည်သူတွေကို နှိပ်ကွပ်ဖို့ . . . အသုံးမပြုခဲ့ဘူး . . .။ တိုင်းတစ်ပါးကို ကျူးကျော်သိမ်းပိုက်ဖို့လည်း . . . အသုံးမပြုခဲ့ဘူး . . .။ ခမည်းတော်က . . . ထီးဆောင်းမင်း တစ်ပါးပါးကို . . . သတ်ဖြတ်နှိပ်စက်ပြီး မင်းအာဏာကို . . . လုယူခဲ့တာ မဟုတ်ဘူး . . .။ သာကီဝင်တွေက ခမည်းတော်ကို . . . ရွေးကောက်တင်မြှောက်လို့ ခမည်းတော် . . . ဘုရင်ဖြစ်ခဲ့တာ . . .။ ပြည်သူတွေက ခမည်းတော်ကို . . . လိုလိုလားလား ချစ်ကြည်လေးစားကြတယ် . . .။ ခမည်းတော်ကလည်း တိုင်းသူပြည်သားတွေရဲ့ . . . အကျိုးစီးပွားကိုပဲ ရှေ့တန်းတင်ခဲ့တယ် . . .။ တိုင်းတစ်ပါးနဲ့ ဆက်ဆံရာမှာလည်း . . . တိုင်းတစ်ပါးက ကိုယ့်တိုင်းပြည်အပေါ် . . . ကုတ်သွေးစုတ် အမြတ်ထုတ်တာတွေ . . . မလုပ်နိုင်အောင် . . . ခမည်းတော် ပါးပါးနပ်နပ် . . . စီမံနိုင်ခဲ့တယ် . . .။ ခမည်းတော်ကလည်း တစ်ခြားတိုင်းပြည်တွေအပေါ် . . . မတရား မလုပ်ခဲ့ဘူး . . .။ အဲဒါတွေ တွေးမိရင်တော့ စိတ်ချမ်းသာပါတယ် . . . သားတော်ဘုရား . . .။”

“ဒါဆိုရင် ခမည်းတော် ငိုနေတာ၊ စိတ်မချမ်းမသာ ဖြစ်နေတာတွေက ဘာအဓိပ္ပာယ်လဲ . . .။”

“သားတော် . . . အဲဒါ . . . ရာဟုလာပေါ့ . . .။ ခမည်းတော်ရဲ့ ထီးမွေနန်းမွေတွေ . . . ရာဟုလာကိုသာ လွှဲပေးနိုင်မယ်ဆိုရင် . . . ခမည်းတော် ငိုမှာ မဟုတ်ဘူး . . .။ စိတ်ဆင်းရဲမှာ မဟုတ်ဘူး . . .။”

“ခမည်းတော် . . . ခမည်းတော်ရဲ့ ဒီဆန္ဒနဲ့ ပတ်သက်လို့ ရာဟုလာက ဘာပြောလဲ။”

“သားတော် . . . ရာဟုလာက ကလေးပါ . . .။ ခမည်းတော် ဖြစ်စေချင်တဲ့ . . . ဆန္ဒကို သူ . . . ဘာသိမှာလဲ။”

“ခမည်းတော်က ကိုယ့်ဟာကိုယ် ကြံဖန်စိတ်ကူးထားတဲ့ လိုအင်ဆန္ဒတစ်ခုအတွက် ငိုကြွေးနေတာပဲ။ သာကီဝင်တွေက မဟာနာမ် မင်းသားကြီးကို ထီးမွေနန်းမွေ လွှဲပေးဖို့ ဆုံးဖြတ်လိုက်ကြတယ် ဆိုရင်တောင်မှ ရာဟုလာ အရွယ်ရောက်လာတဲ့အခါ သူပဲ ထီးနန်းရသင့်တယ်လို့ သူ့ဟာသူ တွေးမိပြီး သူသာ ထီးနန်းလိုချင်တယ်ဆိုရင် သူ့ဟာသူပဲ ထီးနန်းရအောင် လုပ်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုရှိတာက . . . ရာဟုလာ မင်းလုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင်တော့ တစ်ခြားလမ်း တစ်ခုခုကို ရွေးပါလိမ့်မယ်။ ခမည်းတော် . . . ရာဟုလာ ထီးနန်းစည်းစိမ် လိုချင်သလား မလိုချင်ဘူးလား အတိအကျ မသိဘဲနဲ့ ခမည်းတော်က ဘာဖြစ်လို့ ထီးနန်းအတွက်နဲ့ ပင်းပန်းဆင်းရဲ နေရတာလဲ။ ခမည်းတော်က အချည်းနှီး အကျိုးမဲ့ ဆင်းရဲခံနေတာပဲ။ ခမည်းတော်ရဲ့ စိုးရိမ်သောကဟာ အကျိုးအကြောင်း မဆီလျော်ပါဘူး။”

“ခမည်းတော် သဘောပေါက်ပါပြီ . . . သားတော်ဘုရား . . .။ ခမည်းတော် စိတ်သက်သာရာ . . . ရပါပြီ . . .။ ရာဟုလာအကြောင်း မစဉ်းစားတော့ပါဘူး . . .။ ခမည်းတော်ကို ပြောပါဦး . . .။ ခမည်းတော် ဘာလုပ်သင့်လဲ . . .။ စိတ်ချမ်းသာမယ့် အရာတွေကိုပဲ . . . တွေးရမှာလား . . .။”

“ခမည်းတော် . . . ဘ၀သံသရာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်ချင်တယ်ဆိုရင် သံသရာခရီး ရှည်စေတတ်တဲ့ အာရုံတွေအကြောင်း တွေးတောနိုင်ပါတယ်။ ခမည်းတော် ငယ်ငယ်က တမ်းတမ်းတတ တောင့်တခဲ့တာတွေ၊ အူလှိုက်သည်းလှိုက် ပျော်ပျော်ရွှင် သုံးဆောင်ခံစားခဲ့တာတွေ၊ အပြစ်ကင်းတယ် ကောင်းမြတ်တယ်လို့ ခမည်းတော် ထင်မြင်ယူဆခဲ့တာတွေကို ပြန်စဉ်းစားကြည့်ပါဦး။ အခု အဲဒါတွေကို ခမည်းတော် ဘယ်လိုမြင်သလဲ။”

“သားတော် . . . အခုတော့ အားလုံးဟာ . . . အိပ်မက်လိုပါပဲ . . .။ အခွံတွေပါပဲ . . .။ အသုံးမကျတာတွေပါပဲ . . .။ အနှစ် . . . မဲ့တာတွေပဲ သားတော်ဘုရား . . .။”

“ဟုတ်လိုက်လေ ခမည်းတော် . . .။ ခမည်းတော်မှာ တွယ်တာတပ်မက်မှု တဏှာ မရှိတော့ဘူး။ မွေးသေသံသရာစက် အဆက်မပြတ် လည်ပတ်အောင် လုပ်ပေးနေတဲ့ တဏှာ ကုန်ပြီ။ ခမည်းတော် ဒုက္ခက လွတ်မြောက်ချင်သလား။ အမြင့်မြတ်ဆုံး ချမ်းသာကို ရချင်သလား။”

“မှန်လှပါ သားတော်ဘုရား . . .”ဟု မင်းကြီးက ၀မ်းမြောက်ဝမ်းသာ လျှောက်ထား၏။

ဘုရားရှင်က ဆက်လက်၍ မိန့်ကြားတော်မူ၏။

“ခမည်းတော် . . . နားစိုက်ထောင်ပါ။ ခုနေအခိုက်အတန့်မှာ သောကချုပ်ငြိမ်းမှု အပေါ်မှာပဲ အာရုံစိုက်နေလိုက်ပါ။ ၀တ္ထုအာရုံ တစ်ခုကို တွေးကြံတယ်ဆိုရင်၊ အာရုံကို စိတ်ထဲမှာ စွဲထားတယ်ဆိုရင်၊ အာရုံကို အကြောင်းပြုပြီး ဖြစ်ပေါ်လာတဲ့ စိတ်မှာ အာရုံက တွဲကပ်နေတယ်ဆိုရင် ဘ၀သစ်အတွက် ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်ဖို့ပဲ။ အာရုံ ရှိနေရင် စိတ်ဝိညာဉ် ရှိနေမှာပဲ။ ကြုံရတဲ့ အာရုံကို စွဲလမ်းတဲ့ အတွက်ကြောင့်၊ အာရုံကို ကိလေသာနဲ့ သုံးသပ်တဲ့ အတွက်ကြောင့် နောက်ဘ၀မှာ ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်လာတာပဲ။ ဇာတိ ရပြီးတဲ့နောက် ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသတွေနဲ့ ကြုံရတာပဲ။ ခမည်းတော် . . . စိတ်အေးအေးထားပါ။ ၀တ္ထုအာရုံကို ကိလေသာနဲ့ မသုံးသပ်ရဘူး။ ဘာကိုမှ မစွဲလမ်း မတောင့်တပါနဲ့။ မတွယ်တာပါနဲ့။ ဒါဆိုရင် ၀တ္ထုအာရုံဟာ ပဋိသန္ဓေ၀ိညာဉ် ဖြစ်ပေါ်ကြောင်း မဟုတ်တော့ပါဘူး။ တွယ်စရာအာရုံ မရှိရင် ပဋိသန္ဓေ၀ိညာဉ် မရှိနိုင်တော့ပါဘူး။ ခမည်းတော် . . . သစ္စာတရားကို နားလည်လိုက်စမ်းပါ။ ဒါမှသာ စစ်မှန်တဲ့သုခကို ရရှိနိုင်ပါမယ်။”

အိုကြီးအိုမ ဖြစ်နေသော သုဒ္ဓေါဒန မင်းကြီးသည် အားယူ၍ လက်နှစ်ဘက်ကို မတင် ပူးယှက်ကာ ဦးထိပ်ထက်၌ ထား၍ လက်အုပ်ချီရင်း “သာဓု” ခေါ်လေ၏။

“သားတော်ဘုရား . . . ခမည်းတော် နားလည်ပါပြီ . . .။ ခမည်းတော် . . . သဘောပေါက်ပါပြီ။ အခု ခမည်းတော် . . . ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ပါပြီ . . . သားတော်ဘုရား . . .”ဟု လျှောက်ထားလေ၏။

 
:)
ရှင်အာစာရ


Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment