Friday, October 28, 2011

တရားမင်းသခင် - ၃၂။ အမုန်းကြွေချိန်

ဟိမ၀န္တာကို မြစ်ဖျားခံခဲ့သော ရောဟိနီမြစ်သည် ရေခဲလွှာများကို သယ်ဆောင်ရင်း စီးဆင်းနေ၏။ ရောဟိနီသည် မြောက်များစွာသော ရေတံခွန်တို့ကို မွေးဖွားထား၏။ ရောဟိနီသည် သူ စီးချင်သလို စီး၏။ ရံခါ အဖြောင့်စီး၏။ ရံခါ အကောက်စီး၏။ ရံခါ ငြိမ့်ငြိမ့်ညောင်းညောင်း စီး၏။ ရံခါ ဒေါနှင့်မာန်နှင့် အရှိန်ပြင်းပြင်း စီး၏။ ရောဟီနီသည် လုမ္ဗိနီ၌ ဖြည်းဖြည်းညင်းညင်း စီးဆင်းလျက် ရှိနေသည်။

ခပ်စောစော နံနက်ခင်း တစ်ခု၌ ဒေသတစ်ခုလုံး နှင်းထုဖုံးလွှမ်းလျက် ရှိနေ၏။ သစ်ရွက် သစ်ကိုင်းတို့၌ နှင်းလွှာနှင်းဖတ် ဖြူဖြူဖွေးဖွေးတို့ တွယ်ကပ်နေရာ တဖိတ်ဖိတ် အရောင်းလက်နေလေသည်။

သာကီဝင်တို့သည် သဲသောင်ကမ်းစပ်တို့၌ အစုလိုက် အစုလိုက် စခန်းချလျက် ရှိနေကြ၏။ အခြားတစ်ဘက်ကမ်း၌ကား သာကီဝင်တို့၏ ဆန့်ကျင်ဘက်ရန်သူ ကောလိယတို့ ရှိနေကြ၏။ ကောလိယတို့သည် မြင်းတပ်နှင့် ခြေလျင်တပ်တို့ကို ခင်းကျင်းပြင်ဆင်နေကြ၏။ လက်နက်များကို မြှောက်ထောင်ဝှေ့ရမ်းရင်း ဒေါနှင့်မာန်နှင့် တက်ကြွနေကြသည်။ မြစ်ကမ်းနှစ်ဘက်လုံး၌ မီးဖိုများ ထိန်ထိန်ညီးနေ၏။ မီးဖိုပတ်ပတ်လည်တို့၌ စစ်သည်တော်တို့သည် စစ်မခင်းမီ နောက်ဆုံးအနေနှင့် လက်နက်များကို သွေးချွန်ဆင်သ မွမ်းမံနေကြ၏။

နေမင်း မြင့်တက်လာနေပြီ။ အချိန်မရွေး စစ်ပွဲစတင်နိုင်၏။ မဟာနာမ် မင်းကြီး၏ သစ္စာခံသွေးသောက် စစ်သူကြီးတို့သည် မြင်းပေါ်၌ အသင့်ရှိနေကြပြီး ၎င်းတို့ ကွပ်ကွဲရမည့် စစ်အုပ်စု အသီးသီး၏ရှေ့မှ နေရာယူလျက် ရှိနေကြ၏။ စစ်ဆော်သည့် စည်သံများ၊ ဘင်သံများ၊ ခရာသံများ၊ အော်သံများ၊ ညာသံများ နှစ်ဘက်စစ်စခန်းမှ အဆက်မပြတ် ထွက်ပေါ်လာနေ၏။ လက်နက်ချင်း ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။ နှစ်ဘက်စစ်သည်များ စစ်သွေးကြွနေကြလေ၏။ သို့သော် ရောဟိနီမြစ်ကား ငြိမ့်ငြိမ့်ညောင်းညောင်း စီးဆင်းလျက် ရှိနေသည်။ ရှုမောဖွယ် သာယာနေ၏။ တည်ငြိမ်အေးချမ်းသည့် ရောဟိနီမြစ်ရေသည် မကြာမီ အချိန်အတွင်း သွေးချင်းချင်းနီ၍ အလှပျက်သွားနိုင်လေသည်။

ထို ရောဟိနီမြစ်ကမ်း၌ အ၀ါရောင်သင်္ကန်း ဆင်မြန်းသည့် ရဟန်းတစ်ပါးသည် ပကတိ တည်ငြိမ်အေးချမ်းသော အမူအယာဖြင့် လှမ်းကြွတော်မူနေ၏။ ရဟန်းတော်သည် မြစ်ကြေမှ မြစ်ညာသို့ သဲသောင်ကမ်းခြေတစ်လျှောက် လှမ်းကြွတော်မူနေခြင်း ဖြစ်သည်။ သကျနှင့်ကောလိယ နှစ်ဘက်စစ်သည်တို့ စစ်ဦးတည်ထားကြသည့် နေရာသို့ ကြွတော်မူနေခြင်း ဖြစ်၏။ အကြောက်အလန့် ကင်းမဲ့သည့် ရဟန်းတော်သည် သူ ကြုံရနိုင်သည့် ဘေးအန္တရာယ်ကို တွေးမပူဘဲ သဲသောင်ကမ်းစပ်ပေါ် လျှောက်လှမ်းနေလေရာ ကောလိယစစ်တပ်၏ အနီးသို့ ရောက်လေ၏။ တောင်ဘက် စစ်နံရံ ရှေ့မှ ဖြတ်လျှောက်၍ ကြွတော်မူနေ၏။

သာကီဝင်တို့သည် ရဟန်းမြတ်ကို ဦးစွာ မှတ်မိလိုက်ကြ၏။ ကောလိယတို့ကား ရဟန်းမြတ်ကို မမှတ်မိကြသေးပေ။ ရဟန်းမြတ်ကား သတ္တ၀ါ အားလုံးတို့ကို တပြေးညီ မေတ္တာထားတော်မူသည့် မဟာကရုဏာတော်ရှင် ဗုဒ္ဓပင် ဖြစ်၏။ ဘုရားရှင် ကြွတော်မူလာခြင်းကြောင့် သွေးဆာနေသော နှစ်ဘက်စစ်သည်တို့ အေးဆေးငြိမ်သက်သွားကြ၏။ မီးကို ရေဖြစ်အောင် ပြောင်းလဲပေးလိုက်သည်နှင့်သာ တူတော့သည်။ ထက်မြက်သည့် လက်နက်များ စွဲချီထားကြသော စစ်သည်တို့သည် ၎င်းတို့၏ လက်နက်များကို ရန်သူ့သွေးဖြင့် ဆေးကြောမည်၊ ရန်သူ့အလောင်းများကို နင်းကျော်ဖြတ်လျှောက်၍ အောင်ပွဲခံမည်ဟု စိတ်ကူးထားကြ၏။ သို့သော် စစ်တပ်နှစ်ခုကြားသို့ ဘုရားရှင် ၀င်ရောက်လာသောအခါ နှစ်ဘက်စစ်သည်တို့သည် မြှောက်ချီထားသည့် လက်နက်များကို အလိုအလျောက် နှိမ့်ချမိလျက်သား ဖြစ်သွားကြ၏။ ဒေါမာန်အပြည့်နှင့် တက်ကြွနေသည့် စစ်ကြွေးကြော်သံများလည်း ငြိမ်ကျသွား၏။ စစ်တူရိယာ တီးမှုတ်သံများလည်း ရပ်သွား၏။ ဓားဝင့်လျက် အချက်ပြ၍ စစ်တပ်ကို ချီတက်မိန့်ပေးရန် အသင့်ဖြစ်နေသော မဟာနာမ်သည် အတုလ ဗုဒ္ဓမြတ်စွာ၏ တည်ငြိမ်သော အသွင်အပြင်တော်၌ တိမ်းညွတ်မိသည်ဖြစ်၍ မြှောက်ကိုင်ထားသော သူ၏ ဓားရှည်ကို အသာအယာ နှိမ့်ချလိုက်ပြီးလျှင် ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်လေ၏။

ကြောက်မက်ဖွယ်ရာ ဆူဆူညံညံ ပွက်လောရိုက်ခဲ့သော စစ်မြေပြင်သည် အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွား၏။ ငြိမ်သက်သည့် စစ်မြေပြင်မှနေ၍ ဖြည်းဖြည်းညင်းညင်း စီးဆင်းနေသည့် ရောဟိနီမြစ်၏ ရေစီးသံကို ကြားနိုင်၏။

ဘုရားရှင်သည် စကားတစ်ခွန်းမျှပင် မြွက်ဟတော်မမူသေးဘဲ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားများ ပြည့်ဝစွာဖြင့် စစ်ဦးသို့ ကြွချီတော်မူ၏။ ဘုရားရှင် ရောက်ရှိလာသောအခါ ရှေ့တန်းစစ်မျက်နှာပြင်သည် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်သွား၏။ စစ်သည်များ လက်နက်ချလိုက်ကြသည်။ ဘုရားရှင်သည် ဦးတိုက်ရင်ဆိုင် ရှိနေကြသည့် နှစ်ဘက်စစ်တပ်မှ စစ်ဗိုလ်ချုပ်ကြီးများ၏ ရှေ့တည့်တည့်၌ ရပ်တော်မူ၏။ တည်ငြိမ်လေးနက်၍ အနှောင့်အယှက် အရှုပ်အထွေးကင်းသော စိတ်ဓာတ်ပိုင်ရှင် ဘုရားသခင်သည် နှစ်ဘက်စစ်သည်တို့ကို ကြည့်တော်မူလိုက်ပြီး မြစ်သို့ ဆင်းတော်မူ၏။ နှစ်ဘက်စစ်တပ်မှ အကွားအဝေး တူညီသည့် မြစ်လယ်၌ ရပ်တော်မူ၏။ သကျစစ်ခေါင်းဆောင် မဟာနာမ်နှင့် ကောလိယစစ်ခေါင်းဆောင် ဝေဿမိတ္တတို့သည် တစ်ပြိုင်နက်တည်းပင် မြင်းပေါ်မှ ဆင်းလိုက်ကြ၏။ စစ်ခေါင်းဆောင်ကြီးတို့သည် ဘုရားရှင်ဆီသို့ သွားကြလေ၏။

ထိုအခါ ဘုရားရှင်က မိန့်တော်မူ၏။

“သကျနဲ့ ကောလိယ စစ်သူကြီးတို့ . . .။ အခု ငါ မြစ်လယ်မှာ ရှိနေတယ်။ သင်တို့ နှစ်ယောက်လုံးဆီကနေ အကွာအဝေး ညီတူပဲ။ နှစ်ဘက်လုံးအတွက် ငါဟာ တရားမျှတပါတယ်။ ဝေဿမိတ္တ . . . သင်ဟာ ငါ့ရဲ့ မယ်တော့်ဘက်က ဆွေမျိုးပဲ။ မဟာနာမ် . . . သင်ကတော့ ငါ့ရဲ့ ခမည်းတော်ဘက်က ဆွေမျိုးပေါ့။ သင်တို့နဲ့ စကားပြောဖို့ ငါ လာခဲ့တာပဲ။ ပြောကြစမ်းပါဦး။ ဒီမြစ်ဟာ ဘယ်ကနေ စီးလာတာလဲ။”

“အရှင်ဘုရား . . . သကျနဲ့ ကောလိယ ပိုင်နက်နှစ်ခုကြားက ဟိမ၀န္တာတောင်တန်းကနေ စီးလာတာပါ ဘုရား . . .။ မြင့်မြတ်တဲ့ ဂင်္ဂါမြစ်ထဲ စီးဝင်ပါတယ် ဘုရား . . .”ဟု ဝေဿမိတ္တက လျှောက်ထားဖြေကြား၏။

“ဒီမြစ်က ရေ ဘယ်လိုရတာလဲ။”

“အရှင်ဘုရား . . . ဟိမ၀န္တာက ရေခဲပျော်ရည်နဲ့ မိုးရေကနေ ရတာပါ ဘုရား . . .။”

“ဝေဿမိတ္တ . . . မိုးရေက ဘယ်ကမိုးရေလဲ။ ကောလိယ ပိုင်နက်မှာ ရွာချတဲ့ မိုးရေလား။ သကျပိုင်နက်မှာ ရွာချတဲ့ မိုးရေလား။”

“နှစ်ဘက်လုံးမှာ ရွာချတဲ့ မိုးရေတွေဟာ ချောင်းငယ်မြောင်းငယ်တွေက တစ်ဆင့် ရောဟိနီမြစ်ထဲ စီးဝင်တာပါ ဘုရား . . .။”

“မဟာနာမ် . . . သင် ဘယ်လိုပြောမလဲ။”

“အရှင်ဘုရား . . . ဝေဿမိတ္တ ပြောတာ မှန်ပါတယ် ဘုရား . . .။”

“နှစ်နိုင်ငံ ပိုင်နက်ကြားမှာ စီးဆင်းနေတဲ့ မြစ်ကို နှစ်နိုင်ငံလုံးက ပိုင်ဆိုင်တယ်ဆိုတာ သိကြလား။”

“အရှင်ဘုရား . . . သိပါတယ် ဘုရား . . .။ ဒါပေမယ့် ကောလိယတွေက မြစ်ရေကို အပိုင်စီးထားကြတာပါ။ သူတို့က မြစ်ညာပိုင်းကနေ ဆည်တွေတည်ဆောက်ပြီး နွေရာသီမှာ သူတို့လယ်ကွင်းတွေထဲ ရေသွင်းယူပါတယ်။ မိုးရာသီမှာကျတော့ ဆည်တွေကို ဖွင့်ချလိုက်တဲ့အတွက် တပည့်တော်တို့ အနိမ့်ပိုင်းမှာ ရေလွှမ်းမိုးပါတယ်။ သူတို့က မြစ်ရေရဲ့ ကောင်းကျိုးတွေကို ရရှိပြီး တပည့်တော်တို့က ဆိုးကျိုးတွေ ရတာပါ။ အရှင်ဘုရား . . . ဒီ ပြဿနာကို တစ်ခြားနည်းနဲ့ ဖြေရှင်းလို့ မရနိုင်တဲ့အတွက် စစ်ခင်းရမှာပါ ဘုရား . . .။”

“ဝေဿမိတ္တကော ဘာပြောစရာ ရှိလဲ”ဟု ဘုရားရှင်က မေးတော်မူ၏။

“အရှင်ဘုရား . . .တပည့်တော်တို့မှာ ဆည်တွေ တမံတွေ အများကြီး မရှိပါဘူး။ တစ်ခုတည်း ရှိတာပါ။ အဲဒါလည်း ဟိမ၀န္တာဘက် အမြင့်ပိုင်းမှာပါ။ ချောင်းငယ်မြောင်းငယ်တွေက ဆည်ရဲ့အောက်ပိုင်းမှာမှ ရောဟိနီဖြစ်ထဲ စီးဝင်ကြတာပါ။ သကျတွေရဲ့ ပိုင်နက်ထဲမှာ ရွာချတဲ့ မိုးရေကို တပည့်တော်တို့ရဲ့ လယ်ကွင်းတွေ မသောက်ရပါဘူး။ သကျတွေလည်း ဆည်တည်ဆောက်ရကောင်းမှန်း သိသင့်ပါတယ်။ ဆည်ကနေ ရေ ယူသင့်ပါတယ်။ ဟောဒီနေရာမှာ ဆည်တည်ဆောက်ရင်ကိုပဲ မြောင်းကြီး မြောင်းငယ်တွေနဲ့ သူတို့ လယ်တွေထဲ ရေသွင်းလို့ ရတာပေါ့။ ဒီလောက် အလျှံပယ် ရှိနေတဲ့ ရေတွေကို အသုံးမပြုဘဲ ဂင်္ဂါမြစ်ထဲ စီးဝင်ခွင့် ပေးထားကြတယ်။ အရှင်ဘုရား . . . ပြဿနာက ဘာမှ မဟုတ်ပါဘူး။ သကျတွေ အပျင်းထူတာပါ။ မြင့်ရာကနေ နိမ့်ရာကို ရေစီးတာဟာ သဘာဝပါ။ တပည့်တော်တို့ ဆည်ကို ဖောက်ဖောက် မဖောက်ဖောက် အနိမ့်ပိုင်းမှာ ရေလွှမ်းမိုးတာကို ရှောင်လို့ မရပါဘူး။ မဂဓတိုင်းနဲ့ ၀င်္ဂတိုင်းတွေမှာ နှစ်စဉ်နှစ်တိုင်း ရေလွှမ်းမိုးလို့ လူတွေ ထောင်ချီပြီး သေနေကြတာပဲ။ အဲဒီလို သေကြရတာဟာ တပည့်တော်တို့ရဲ့ ဆည်ကြောင့်လို့ အဲဒီဒေသက လူတွေဟာ တပည့်တော်တို့ကို အပြစ်မတင်ကြပါဘူး။ တပည့်တော်တို့ရဲ့ ပိုင်နက်ထဲမှာ မြေသြဇာကောင်းနေတာ၊ တပည့်တော်တို့ရဲ လယ်ကွင်းတွေမှာ ရွှေဝါရောင် သီးနှံတွေ ဖွံ့ဖြိုးနေတာကို ကြည့်မရတဲ့ သကျတွေဟာ တပည့်တော်တို့နဲ့ ရန်ဖြစ်ဖို့ အကြောင်းမရှိ အကြောင်းရှာကြတာပါ။ ဒါကြောင့် သကျတွေ စစ်ခင်းချင်နေကြတာပါ ဘုရား . . .။”

ဝေဿမိတ္တ၏ စကားအဆုံး၌ အားလုံး နှုတ်ဆိတ်နေကြ၏။ ဘုရားရှင်လည်း ကရုဏာတော်ဖြင့် နှုတ်ဆိတ်တော်မူနေ၏။ မြစ်ကမ်းနှစ်ဘက်၌ စစ်ရေးနေရာယူထားကြသော နှစ်ဘက်စစ်သည်တို့ စစ်ပြေငြိမ်းလိုက်ကြ၏။ စစ်သည်တို့သည် ဘုရားရှင်ကို အနီးကပ် ဖူးမြင်လိုကြ၏။ ဘုရားရှင် မိန့်မြွက်သမျှကို နားစိုက်နာယူလိုကြ၏။ ထောင်ပေါင်းများစွားသော စစ်သည်ရဲမက်တို့ မြစ်ထဲသို့ ဆင်းပြီး ဘုရားရှင်ကို ၀န်းရံလျက် ဘုရားရှင်နှင့် နီးနိုင်သမျှနီးအောင် နေရာယူကြ၏။

စစ်သည်တို့ နေရာယူကြစဉ် ဘုရားရှင်သည် မဟာနာမ်ကို မေးတော်မူ၏။

“မဟာနာမ် . . . ငါ မေးမယ်။ ဒီ ပြဿနာကို စစ်ရေးနဲ့ ဘယ်လိုများ ဖြေရှင်းမှာလဲ ပြောစမ်းပါဦး။”

“အရှင်ဘုရား . . . အရေအတွက်ကို ကြည့်မယ်ဆိုရင်တော့ ကောလိယတွေက အင်အားသာပါတယ်။ ဒါပေမယ့် စစ်ရေးနည်းပညာမှာတော့ သကျတွေက ပြိုင်ဘက်ကင်းပါတယ်။ ရန်သူကို သုတ်သင်ချေမှုန်းရာမှာ ကျွမ်းကျင်ပါတယ်။ ကောလိယတွေကို အောင်နိုင်ဖို့ဆိုတာ သကျတွေအတွက် လွယ်လွယ်လေးပါ။ တပည့်တော်တို့က သူတို့ကို အပြတ်အသတ် ချေမှုန်းလိုက်မယ်။ သူတို့ ရှုံးပြီး အရှက်ရအောင် လုပ်လိုက်မယ်။ တပည့်တော်တို့ မရှုံးနိုင်ဘူး။ အောင်ပွဲက တပည့်တော်တို့ အတွက်ပဲ။ သူတို့လုပ်ထားတဲ့ အပိတ်အဆို့တွေ၊ ဆည်တွေ၊ မြောင်းတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်မယ်။ အဲဒီတော့ တပည်တော်တို့ လယ်ကွင်းတွေအတွက် လိုအပ်တဲ့ရေ ရလိမ့်မယ်။”ဟု မဟာနာမ်က ပြန်လည် လျှောက်ထား၏။

ဘုရားရှင်သည် တစ်ဘက် စစ်သူကြီးကိုလည်း မေးတော်မူ၏။

“ဝေဿမိတ္တ . . . ငါ မေးမယ်။ ဒီ ပြဿနာကို စစ်ရေးနဲ့ ဘယ်လိုများ ဖြေရှင်းမှာလဲ ပြောစမ်းပါဦး။”

“အရှင်ဘုရား . . . ကောလိယတွေက အင်းအားသာပါတယ်။ စစ်ရေးလည်း မညံ့ကြပါဘူး။ စစ်ရေးမဟာဗျူဟာမှာလည်း ထိပ်တန်းပါပဲ။ သကျတွေကို အောင်နိုင်ဖို့ဆိုတာ ကောလိယတွေအတွက် လွယ်လွယ်လေးပါ။ တပည့်တော်တို့က သူတို့ကို အပြတ်အသတ် ချေမှုန်းလိုက်မယ်။ အောင်ပွဲက တပည့်တော်တို့ အတွက်ပါ။ အဲဒီကျရင် မြစ်တစ်လျှောက်လုံး တပည့်တော်တို့ ကြိုက်တဲ့နေရာမှာ ဆည်တွေတည်ဆောက်မယ်။ တပည့်တော်တို့ရဲ့ နိုင်ငံ ကြွယ်ဝချမ်းသာအောင် လုပ်မယ်။”

“စစ်ဗိုလ်ချုပ်ကြီးတို့ . . . ငါ ပြောပါရစေဦး။ နားထောင်ပါ။ အခု နှစ်ဘက်လုံး အောင်ပွဲတွေ ရကြပြီပဲ။ တကယ်လို့ စစ်တိုက်ကြမယ်ဆိုရင် တစ်ဘက်ဘက်ကပဲ အနိုင်ရမှာ။ အဲဒါလည်း ကြောက်ခမန်းလိလိ သတ်ကြဖြတ်ကြပြီးမှ ရမှာ။ တစ်ဘက်နဲ့တစ်ဘက် လူ့အသက်တွေကို ကြောက်ခမန်းလိလိ သတ်ဖြတ်ပြီးမှတော့ တစ်ဘက်ဘက်က အောင်နိုင်တယ် ဆိုရင်တောင်မှ အဲဒါဟာ အောင်ပွဲမဟုတ်ပါဘူး။ စစ်ပွဲမှာ အောင်နိုင်တယ်ဆိုတာ ကိုယ့်ဘက်က စစ်သည်တွေ နည်းနည်းလေးမှ မထိခိုက်ဘဲ တစ်ဘက်ကို အပြတ်ချေမှုန်းနိုင်မှ အောင်ပွဲမည်တယ်။ စစ်ဗိုလ်ချုပ်ကြီးတို့ . . . အဲဒီလို စစ်ပွဲမျိုး ကြားဖူးကြသလား။ စစ်ဗိုလ်ချုပ်ကြီးတို့ . . . စစ်သည်တော်တို့ . . . စစ်ပွဲဆိုတာ ဘယ်ဘက်ကကြည့်ကြည့် ထိခိုက်နစ်နာမှု ရှိတာပဲ။ ဒေါသတွေ၊ အမုန်းတွေ၊ ရန်ငြိုးတွေနဲ့ သတ်ဖြတ်ခြင်းဟာ လူသားအပေါ် ကျူးလွန်စော်ကားမှုပဲ။ စစ်ရေးနည်းနဲ့ အမှန်တရားကို မဖော်ထုတ်နိုင်ဘူး။ မှားယွင်းမှု အကုသိုလ်တွေပဲ ပေါ်ထွက်လာလိမ့်မယ်။ ကောလိယတို့ . . . သကျတို့ . . .။ အခု သင်တို့ဟာ ကောလိယရယ် သကျရယ်လို့ မခွဲခြားဘဲ တညီတညွတ် တပြိုင်နက်တည်း နားထောင်နေကြတာပဲ။ ဟုတ်ပြီ။ အမှန်တရား သစ္စာတရားကိုပဲ တညီတညွတ်တည်း နားထောင်ကြပါ။ မဟာနာမ် . . . ဝေဿမိတ္တ . . . ကောလိယတွေနဲ့ သကျတွေရဲ့ အရှုံးအနိမ့် အတက်အကျဟာ သင်တို့နှစ်ယောက် အပေါ်မှာပဲ တည်ပါတယ်။ ဘာမှ အသုံးမကျတဲ့ လူသတ်ပွဲကြီးဆီ ဦးမတည်ဘဲ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို ဖြေရှင်းကြပါ။ အဲဒါဆိုရင် သင်တို့ရော သင်တို့ရဲ့ ပြည်သူတွေပါ အကြောက်အလန့်ကင်းကင်း သံသယရှင်းရှင်းနဲ့ နေထိုင်ရှင်သန်နိုင်ကြပါလိမ့်မယ်။

သကျတို့ . . . စစ်လက်နက်တွေ စစ်ရထားတွေ နဲ့ တစ်ခြား စစ်သုံးပစ္စည်းတွေအတွက် အသုံးပြုမယ့် သင်တို့ရဲ့ ဧရာမ စည်းစိမ်ဥစ္စာတွေကို အသုံးပြုပြီး ဆည်မြောင်းတာတမံတွေ တည်ဆောက်ကြပါ။ ရေကန်တွေ တည်ဆောက်ပါ။ တာရိုးတွေ တည်ဆောက်ပါ။ စစ်သုံးစရိတ်တွေကို တိုင်းပြည်တိုးတက်ရေးအတွက် အသုံးပြုကြပါ။

ကောလိယတို့ . . . သကျတို့ . . . အဖြေတစ်ခု ရရှိဖို့ သဘောတူညီမှုတစ်ခု ရှိရမယ်။ ငါ အကြံပြုမယ်။ ဒီနေရာကစပြီး ရောဟိနီမြစ်ထဲကို အဉ္ဇနမြစ် လာပေါင်းတဲ့ မြစ်ဆုံဒေသအထိ သကျတွေ ပိုင်ပါစေ။ သူတို့ပိုင်နက်ထဲက မြစ်ရေကို သကျတွေ စိတ်တိုင်းကျ သုံးပါစေ။ မြစ်ဆုံရဲ့ ဟိုဘက်က မြစ်ရေကိုတော့ ကောလိယတွေ စိတ်တိုင်းကျ သုံးပါစေ။ ပြဿနာရဲ့ အဖြေကို ရယူတဲ့ နေရာမှာ ကိုယ်လိုချင်တာတွေ အားလုံးကိုတော့ မရနိုင်ဘူး။ သင်တို့ရဲ့ ဆန္ဒ တစ်စိတ်တစ်ဒေသကို ‘လူသား’ဆိုတဲ့ နာမည်ကောင်းအတွက် စတေးကြရမယ်။ ဒီတာဝန်ကို သကျတွေ ကောလိကတွေ မျှဝေ ထမ်းရွက်ကြရမယ်။

ဝေဿမိတ္တ . . . ပြောစမ်းပါဦး။ ဘယ်လိုလဲ။ မျိုးဆက်များစွာ အမုန်းပွားခဲ့ရတဲ့ ဒီပြဿနာကို အခု သင် ဖြေရှင်းနိုင်ပါတယ်။”

“အရှင်ဘုရား . . . အရှင်ဘုရား အမိန့်ရှိတာကို တပည့်တော် ရိုရိုသေသေ လေးလေးမြတ်မြတ် လက်ခံပါတယ် ဘုရား . . .။”

“မဟာနာမ်ရော ဘယ်လိုလဲ။”

“အရှင်ဘုရားရဲ့ အဆုံးအမကို လက်ခံပါတယ် ဘုရား . . .။ တပည့်တော်တို့ အကောင်းဆုံး အဖြေကို ရလိုက်တာလို့ ထင်မိပါတယ် ဘုရား . . .။ တပည့်တော်တို့ နှစ်ဘက် စစ်ခင်းစရာ မလိုတော့ပါဘုရား . . .။ ဒီ သဘောတူညီမှုကို လက်ခံပါ့မယ် ဘုရား . . .။ အရှင်ဘုရား ကြွလာချိန်မှာ ကြောက်စရာကောင်းတဲ့ စစ်ပွဲကြီး ဖြစ်တော့မလို့ . . . လူတွေ ထောင်ချီပြီး သေရတော့မလို့ . . .။ အရှင်ဘုရား . . . တည်တည်ကြည်ကြည် အနှောင်အတွယ် ကင်းကင်းနဲ့ သန့်စင်တောက်ပတဲ့ အရှင်ဘုရားရဲ့ မျက်နှာတော်ကို ဖူးလိုက်ရတော့ စစ်ခင်းဖို့ နေနေသာသာ၊ စစ်ပွဲအကြောင်း စိတ်ကူးထဲတောင် မထည့်နိုင်တော့ပါ ဘုရား . . .။”

စကားဆုံးသည့်နှင့် မဟာနာမ်သည် ဦးညွတ်၍ ဘုရားရှင်ကို အရိုအသေ ပေးလိုက်၏။ ထိုအခါ ဝေဿမိတ္တနှင့် နှစ်ဘက်စစ်တပ်မှ အားလုံးသော စစ်ဗိုလ်ကြီးများ စစ်သည်တော်များလည်း ဘုရားရှင်ကို တညီတညွတ်တည်း အရိုအသေပေး ရှိခိုးလိုက်ကြလေ၏။

:)
ရှင်အာစာရ


Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment