သက္ကောဒနသည် သူ့အိမ်ဆီသို့ ဘုရားရှင် ကြွလာနေသည်ကို သိလိုက်သည်နှင့် တပြိုင်နက် အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး အိမ်ဝင်းထဲက စောင့်နေလိုက်၏။ သူ၏ ခွေးဆိုးကြီးကိုလည်း လှောင်အိမ်မှ ထုတ်ယူလာခဲ့၏။ ခွေးဆိုကြီးကို ကြိုးနှင့်ဆွဲလျက် ဘုရားရှင် အလာကို စောင့်နေလေ၏။ သူတစ်ယောက်တည်း ကြုံးဝါးနေလေသည်။
“လာခဲ့စမ်း။ လက်ဆောင်ကောင်းတစ်ခု ပို့လိုက်မယ်။ လက်ခံပေတော့။”
ထိုသို့ သက္ကောဒန ကြုံးဝါးနေစဉ် ဘုရားရှင်သည် သက္ကောဒန၏ ခြံဝင်းထဲသို့ တည်ငြိမ်စွာ ဝင်လာတော်မူ၏။ သက္ကောဒနကလည်း ခွေးဆိုးကြီးကို အချက်ပြ၍ လွှတ်ပေးလိုက်သည်။
ခွေးဆိုးကြီးသည် တစ်ချက် မာန်ဖီလိုက်ပြီး တဝေါင်းဝေါင်းဟောင်ရင်း ဘုရားရှင်ဆီသို့ တဇွတ်ထိုး ပြေးဝင်သွား၏။ သက္ကောဒနသည် ဘာမှ မသိဟန်ဆောင်၍ ဘုရားရှင်ကို မကြည့်ဘဲ မျက်နှာလွှဲနေ၏။ သို့သော် သူ့ခွေးအကြောင်း သူ သိထားပြီး ဖြစ်၏။ ခွေးဆိုးကြီးကို အချက်ပြ၍ လွှတ်ပေးလိုက်တိုင်း ခွေးဆိုးကြီးက ပါးစပ်နှင့် ကိုက်ချီနိုင်သမျှကို ကိုက်ချီ၍ ယူလာတတ်၏။ ဘုရားရှင်၏ အသားတစ်ကို ကိုက်ချီ၍ သူ့ရှေ့မှာ လာချလိမ့်မည်ဟု သူ ကြိုတွက်ထားသည်။
ခွေးဆိုးကြီး၏ မာန်ဖီသံ ဟိန်းဟောက်သံများ ရုတ်တရက် ရပ်တန့်သွားပြီး ခွေးဆိုးကြီး တအီအီ အော်နေသံကိုသာ ကြားနေရသည်။ သက္ကောဒန မကြည့်ဘဲ မနေနိုင်တော့ပေ။ တအံ့တသြ လှမ်းကြည့်လိုက်၏။ လူသားစားသော သတ္တဝါကြီးသည် အမြီးကုတ်လျက် ဘုရားရှင်၏ ဘေးပတ်ပတ်လည်၌ ရစ်သီရစ်သီ လုပ်နေသည်ကို တွေ့လိုက်ရ၏။
သက္ကောဒနသည် သူ့အိမ် တံခါးဝ၌ ရှိနေ၏။ ဘုရားရှင်သည် သက္ကေဒနဆီသို့ ကြွလာနေသည်။ သက္ကောဒနသည် ဖြည်းဖြည်းချင်း လှမ်းနေသော ဘုရားရှင်၏ ခြေတော်အစုံကို စိုက်ကြည့်နေ၏။ ဘုရားရှင်၏ မျက်နှာတော်ကို မကြည့်မိအောင်ကား သတိထား၍ ချုပ်တီးနေ၏။ ခွေးဆိုးကြီးကား ဘုရားရှင်၏ နောက်တော်မှ ငိုက်စိုက်ငိုက်စိုက်နှင့် လိုက်လာနေ၏။
“ဦးရီးတော် . . . သိုးလေးတွေ မွေးထားသလား”ဟု ဘုရားရှင်က မေးတော်မူ၏။
“ဘာသိုးမှ မမွေးဘူး”ဟု သက္ကောဒနက ခေါင်းငုံ့ထားလျက်ပင် ဖြေဆို၏။
“ဒါဖြင့် ဘာဖြစ်လို့ ဦးရီးတော်ရဲ့ ခွေးက သိုးလေးလိုဖြစ်နေရတာလဲ”ဟု မေးတော်မူပြန်၏။
သက္ကောဒန ဘာမှ ပြန်မပြောပေ။ စိတ်ဆိုးမာန်ဆိုး ဖြစ်နေပြီး ဘုရားရှင်ထံမှ မျက်နှာလွှဲနေလေ၏။
“ဦးရီးတော် . . . အမျက်ဒေါသတွေ အမုန်းတရားတွေနဲ့ ပူလောင်နေတာပါလား။ ဒေါသထွက်လို့ ဘာမှ အကျိုးမရှိပါဘူး။ ဦးရီးတော်ပဲ ဆင်းရဲရတာပေါ့။ ဒေါသ အမုန်းကြောင့် သွေးတွေဆူပွက် အဆိပ်တက်ပြီး ကာယိန္ဒြေလည်း မြင်မကောင်း ရှုမကောင်း ဖြစ်ကုန်တော့တာပေါ့။ ဒေါသကြောင့် အသက်တိုတတ်ပါတယ် ဦးရီတော် . . .။ ဦးရီးတော်ရဲ့ စိတ်တွေ ပုံမှန် မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် မဖျက်ဆီးပါနဲ့ ဦးရီးတော် . . .။ ဦးရီးတော်ရဲ့ အကျိုးစီးပွားအတွက် လာခဲ့တာပါ။ ခေါင်းမော့ ကြည့်ပါဦး။”
သက္ကောဒန ပို၍ပင် ဒေါသထွက်လာပြီး ဘုရားရှင်ကို စိတ်ဆိုးမာန်ဆိုးနှင့် ပြန်ပြော၏။
“မကြည့်ဘူး။ သင်ဟာ လူလိမ်လူညာပဲ။ သင်ဟာ မျက်လှည့်ဆရာပဲ။ သင်ဟာ ကပိလဝတ်က လူတွေကို အဆောင်တွေ မန္တာန်တွေနဲ့ လှည့်စားဖြားယောင်းပြီးပြီ။ ငါကိုတော့ ဒါမျိုး လာလုပ်လို့ မရဘူး။ ငါကတော့ ဘယ်တော့မှ အလှည်းစား အဖြားယောင်း ခံမှာမဟုတ်ဘူး။ ငါ့ကိုလည်း ‘ဦးရီးတော်’လို့ မခေါ်နဲ့။ သင်ဟာ ဇာတ်နိမ်တွေရဲ့ အိမ်တံစက်မြိတ်အောက် ဝင်တဲ့သူ။ မြင်းဇောင်းတွေ နွားခြံတွေထဲ ဝင်နေတဲ့သူ။ သင်ဟာ ဇာတ်နိမ့်တွေကျွေးတဲ့ မလတ်ဆတ်တာတွေကို စားတဲ့သူ။ သင်ဟာ သာကီဝင်တွေကို အရှက်ခွဲတဲ့သူ။ သာကီဝင်တွေရဲ့ မြင့်မြတ်မှုကို အသရေယုတ်အောင် လုပ်တဲ့သူ။ ထွက်သွားစမ်း။ ဇာတ်နိမ့်တွေရဲ့ တံစက်မြိတ်မှာ သွားနေစမ်း။”
“လူကြီးမင်း . . .။ ဟုတ်ပါတယ်။ မြင်းဇောင်းတွေ၊ နွားခြံတွေမှာ နေပါတယ်။ နောက်ပြီး ကျန်သေးတယ်။ သုဿာန်တွေမှာလည်း အိပ်ခဲ့ပြီးပြီ။ ဒါပေမယ့် ဘာထူးမှာလဲ။ နွေးထွေးတဲ့ နန်းဆောင်တွေမှာလည်း အိပ်ခဲ့ပြီးပြီပဲ။ ဗိတာန်မျက်နှာကျက်တွေ ဆင်ထားတဲ့ ပိုးသားအိပ်ယာတွေမှာလည်း အိပ်ခဲ့ပြီးပြီပဲ။ အဲဒီ နေရာတွေ အားလုံးမှာ အိပ်စက်ခြင်းကတော့ အတူတူပါပဲ။ ဇာတ်နိမ့်တွေရဲ့ နေရာတွေမှာ အိပ်စက်ခြင်းဟာ စက်ဆုပ်စရာလို့ လူကြီးမင်း ထင်နေပေမယ့် တကယ်တော့ ဘာမှ မထူးပါဘူး။ ဇာတ်နိမ့်တွေရဲ့ နေရာမှာ အိပ်စက်ခြင်းနဲ့ စောစောက ပြောခဲ့တဲ့ ကောင်းမြတ်တဲ့ နေရာတွေမှာ အိပ်စက်ခြင်းဟာ အတူတူပါပဲ။ ဘာဖြစ်လို့ ဒေါသမီး တောက်နေရတာလဲ။ ကိုယ့်အစာကိုယ် စားတာပဲ။ ဘယ်နေရာမှာစားစား၊ ဘယ်လိုပဲစားစားပေါ့ လူကြီးမင်းရယ် . . .။ မပြောင်းလဲဘူး။ ဒီလိုပဲ ဆက်နေသွားမယ်။ ဇာတ်နိမ့်တွေနဲ့ ဆက်ဆံတာဟာ သာကီဝင်တွေကို နှိမ့်ချစော်ကားတာ မဟုတ်သလို သာကီဝင်တွေနဲ့ ဆက်ဆံတာဟာလည်း ဇာတ်နိမ့်တွေကို နှိမ့်ချစော်ကားတာ မဟုတ်ပါဘူး။ ငါက တစ်ချိန်မှာ တစ်ခုပဲ လုပ်တယ်။ အစာစားတဲ့အခါ အစာပဲ စားတယ်။ အိပ်စက်တဲ့အခါ အိပ်ရုံပဲ အိပ်တယ်။ စကားပြောတဲ့အခါ စကားပဲ ပြောတယ်။ တရားကမ္မဋ္ဌာန်း အားထုတ်တဲ့ အခါမှာ တရားကမ္မဋ္ဌာန်းပဲ လုပ်တယ်။ ဒါဟာ ငါ့ရဲ့ အလေ့အကျင့်ပါပဲ။”
“သင်မှ မဟုတ်ပါဘူး။ ငါလည်း တစ်ချိန်မှာ တစ်ခုပဲ လုပ်တာပါပဲ”ဟု သက္ကောဒနက ချက်ချင်း ပြန်ပြော၏။
“မဟုတ်ပါဘူး လူကြီးမင်း . . .။ အခု သင်က ငါနဲ့ စကားပြောနေတယ်။ သင်က ဒေါသလည်း ထွက်လိုက်သေးတယ်။ အမုန်းပွားနေတယ်။ အမုန်းဒေါသနဲ့ ဆတ်ဆတ်တုန်နေတယ်။ သင့်ကိုယ်သင် ထိုးဆွနေတာပဲ။ အဲဒီလိုတွေ မလုပ်စမ်းပါနဲ့။ ဣန္ဒြေဆည်ပြီး လွတ်လွတ်လပ်လပ် စကားပြောစမ်းပါ။”
သက္ကောဒနသည် ခေါင်းမော့၍ ဘုရားရှင်၏ မျက်နှာတော်ကို ကြည့်လိုက်ရန် ဆန္ဒပြင်းပြ မိသေး၏။ သို့သော် မကြည့်ပေ။ ခေါင်းငုံ့လျက်ပင် ရှိနေသေး၏။ သူ ချွေးပြန်နေလေပြီ။
“လူကြီးမင်း . . . ဘာဖြစ်လို့ အနေရအထိုင်ရ ခက်နေတာလဲ။ ဘာဖြစ်လို့ ချွေးတွေပြန်နေတာလဲ။ ငါ့ကို ကြည့်ပါအုံး။ ငါ့လို အေးအေးဆေးဆေး နေစမ်းပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။
“ရဟန်းကြီး . . .။ ငါ့ကို ဒေါသထွက်အောင် မလုပ်စမ်းပါနဲ့”ဟု သက္ကောဒနက ပြန်အော်၏။
“လူကြီးမင်း . . . လူကြီးမင်းမှာ ရှိနေတာဟာ မောက်မာမှုပဲ။ အဲဒါဟာ အကုသိုလ်စိတ်ပဲ။”
“ငါ့ဟာငါပဲ မောက်မာပါရစေ။ မောက်မာမယ်။ ဘာဖြစ်လဲ။ မောက်မာခြင်းဟာ ငါတို့သာကီဝင်တွေရဲ့ အလှတန်ဆာပဲ။”
“ရက်လုပ်ပြီးခါစ အဝတ်တစ်စလို သန့်ရှင်းတယ်၊ ဖူးပွင့်ခါစ နှင်းဆီတစ်ပွင့်လို လန်းဆန်းတယ်လို့ လူကြီးမင်း ကိုယ့်ကိုယ်ကိုယ် ထင်နေသလား။ လူကြီးမင်း အနေနဲ့ သုဒ္ဒတွေနဲ့ နည်းနည်းလေးမှ မဆက်ဆံ မပတ်သက်ဘူးလို့ ထင်နေသလား။”
“လုံးဝပဲ။”
“သေချာရဲ့လား။”
“ဟုတ်တယ်။ သေချာတယ်။ ငါဟာ မဟာဆီ မဟာသွေး သကျသွေး စစ်စစ်ပဲ။”
“လူကြီးမင်း . . . ပြောစမ်းပါအုံး။ လူကြီးမင်းရဲ့ လယ်တွေက ဘယ်မှာရှိတာလဲ။”
“မြို့ပြင်မှာ။ ဝေဠုဝန်နားမှာ။ အဲဒါနဲ့ ဘာဆိုင်လဲ။”
“အဲဒီဒေသမှာ နေတဲ့သူတွေက ဘယ်သူတွေလဲ။”
“သုဒ္ဒတွေပေါ့။”
“သုဒ္ဒတွေလည်း မစင်စွန့်တယ်ဆိုတာ သိလား။”
“သိတယ်။ သုဒ္ဒတွေလည်း မစင်စွန့်တာပဲ။ တွေးမိတာနဲ့တောင် ရွံစရာကောင်းလိုက်တာ။ ကျက်သရေ မဲ့လိုက်တာ။”
“ရွံစရာကောင်းတာတွေ၊ ကျက်သရေမဲ့တာတွေ နောက်မှ ပြောတာပေါ့။ သုဒ္ဒတွေက ဘယ်နေရာမှာ မစင်စွန့်တာလဲ။”
“အဲဒီ အဆင့်အတန်း မရှိတဲ့လူတွေကတော့ သူတို့ဝင်းထဲမှာပဲ မစင်စွန့်ကြမှာပဲ။”
“သူတို့က မြေကြီးပေါ်မှာ မစင်စွန့်ကြတာဆိုတော့ မိုးရွာတဲ့အခါမှာ တွေးကြည့်ရုံနဲ့တင် အော်ဂလီဆန်စရာကောင်းတဲ့ သူတို့ရဲ့ မစင်တွေဟာ မိုးရေထဲမှာ ပျော်ဝင်သွားပြီး လူကြီးမင်းရဲ့ လယ်တွေထဲ မိုးရေနဲ့အတူ စီးဝင်သွားတယ်ဆိုတာ လူကြီးမင်း မသိဘူးလား။”
“သိတယ်။”
“လူကြီးမင်းရဲ့ ကောက်ပင်တွေကို သုဒ္ဒတွေရဲ့ မစင်နဲ့ မြေသြဇာကျွေးလိုက်တဲ့အခါမှာ ကောက်ပင်တွေဟာ သန်မာဖွံ့ထွားလာပြီးတော့ ရွှေဝါရောင် စပါးတွေ ညွတ်နေအောင် သီးကြတယ် ဆိုတာရော လူကြီးမင်း မသိဘူးလား။ လူကြီးမင်း စားသုံးတဲ့ ထမင်းဟာ ရွံစရာကောင်းတဲ့ သုဒ္ဒတွေရဲ့ မစင်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုတာ လူကြီးမင်း မတွေးမိခဲ့ဖူးဘူးလား။ ကဲ . . . လူကြီးမင်း။ လူကြီးမင်းရဲ့ စင်ကြယ်မြင့်မြတ်တဲ့ သွေးအကြောင်း ပြောစမ်းပါအုံး။ ငါ တိတ်တိတ်လေး နားထောင်နေပါ့မယ်”ဟု ဘုရားရှင်က မိန့်တော်မူ၏။
သက္ကောဒန ဘာမှ မပြောတော့ပေ။ နှုတ်ဆိတ်လျက် ခေါင်းငိုက်စိုက် ချထားရင်း ခန္ဓာကိုယ်မှ ချွေးများကို လက်နှင့် လိုက်သုပ်နေ၏။
“လူကြီးလူကောင်း လူကြီးမင်း . . .”ဟု ဘုရားရှင်က ခေါ်တော်မူလိုက်ရာ သက္ကောဒန မော်၍ ကြည့်လိုက်သည်။ သက္ကေဒနသည် ထည်ဝါခြင်း နှင့် မောက်မာခြင်းတို့ ပြည့်နှက်နေသော၊ မည်သူ့ရှေ့မှာမှ မညွတ်ခဲ့ဖူးသော သူ့ဦးခေါင်းကို ညွှတ်ချလိုက်ချင်၏။ သို့သော် သူ့ဘေးပတ်ဝန်းကျင်၌ တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသော သူ့မိသားစုနှင့် အစေခံတို့ကို မြင်လိုက်ရ၍ ခေါင်းမော့ ရင်ကော့လျက်နှင့်သာ ဘုရားရှင်ကို တုံ့ပြန်၍ စကားဆို၏။
“အရှင်ဘုရား . . . ဘာဖြစ်လို့ ဦးရီးတော်ရဲ့ ဂုဏ်သိက္ခာကို စွန်းထင်းအောင် လုပ်ရတာလဲ။”
“လူကြီးမင်း . . . တစ်စုံတစ်ယောက်မှာ ‘ဂုဏ်သိက္ခာ’ ရှိတယ်ဆိုရင် အဲဒါကို စွန်းထင်းအောင် လုပ်လို့ မရပါဘူး။ တကယ်လို့ အစွန်းအထင်း ရှိနိုင်တယ်ဆိုရင်လည်း အဲဒါဟာ ‘ဂုဏ်သိက္ခာ’ မဖြစ်နိုင်ပါဘူး။ ဘယ်သူကမှ စွန်းထင်းအောင် လာလုပ်လို့ မရတဲ့ ဂုဏ်သိက္ခာကို ပြုစုပျိုးထောင်ပါ။ ထည်ဝါခြင်း နဲ့ မောက်မာခြင်းတွေကို ပယ်ဖျက်လိုက်စမ်းပါ။ တန်းတူညီမျှခြင်းကို ကျင့်သုံးလိုက်စမ်းပါ။ အဲဒီလိုဆိုရင် လူကြီးမင်းရဲ့ ဂုဏ်သိက္ခာကို ဘယ်သူမှ မဖျက်ဆီးနိုင်ပါဘူး။ လူကြီးမင်း . . . နောက်ပြီးတော့ ပြောချင်ပါသေးတယ်။ ငါ့ရည်ရွယ်ချက်က သံသရာလောကသားတွေကို ဆင်းရဲဒုက္ခကနေ ထုတ်ဆောင်ကယ်တင်ဖို့တင် မဟုတ်သေးဘူး။ နိဗ္ဗာန်ရောက်အောင်ထိ ပို့ပေးဖို့ပါ။ လူ့အဖွဲ့အစည်းအတွက် ဆေးမရှိတဲ့ အနာလိုဖြစ်နေတဲ့ တရားလွန်တဲ့ ရက်စက်မှုတွေ၊ မတရား မမျှတမှုတွေ၊ အကျင့်သီလ ပျက်စီးမှုတွေ အားလုံးကို သုတ်သင်ရှင်းလင်းပြစ်ဖို့လည်း ရည်ရွယ်တာပါ။ လူကြီးမင်း . . . ငါ့ရဲ့ ဒေသနာဟာ အကုသိုလ်မှု ကျူးလွန်တဲ့ ကိုယ် နှုတ် စိတ်တို့ကို ထိန်းကွပ်ပေးတဲ့ စည်းကမ်းနည်းလမ်းပဲ။ လူကြီးမင်းရဲ့ ဂုဏ်သိက္ခာကို ထိပါးဖို့ ရည်ရွယ်ချက် မရှိဘူး။ လူကြီးမင်းကို သစ္စာပြမယ်။ တက်ကြွတဲ့ လုံ့လနဲ့ နေပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။
တစ်လျှောက်လုံး ခေါင်းမော့ထားသော သက္ကောဒနသည် ဒူးထောက်ထိုင်ချလိုက်ကာ ဘုရားရှင်ကို ရှိခိုးလိုက်ပြီး ရိုသေစွာ လျှောက်ထား၏။
“အရှင်ဘုရား . . . ဦးရီးတော်လို့ပဲ ခေါ်ပါဘုရား . . .။ အရှင်ဘုရားနဲ့ ဆွေမျိုးတော်ရတာကို ဂုဏ်ယူပါတယ် ဘုရား။ တပည့်တော် အရှင်ဘုရားကို နားလည်မှုလွဲခဲ့တာပါ ဘုရား။ အရှင်ဘုရား . . . အရှင်ဘုရားကို တပည့်တော် ကိုးကွယ်ဆည်းကပ်ပါတယ် ဘုရား။ အရှင်ဘုရား . . . တပည့်တော့်အိမ်ထဲ ကြွပြီး ထိုင်ပါဦး ဘုရား။ အရှင်ဘုရားအတွက် အသုံးအဆောင် ပရိက္ခရာတွေ လှူချင်ပါသေးတယ် ဘုရား။”
“တော်ပါပြီ ဦးရီးတော် . . .။ အခု ဦးရီးတော်ရဲ့ ရှေ့မှာ ရှိနေတာပဲ။ ဦးရီးတော် ပေးလှူချင်တဲ့ ဆွမ်းအာဟာရကို သပိတ်ထဲ ထည့်လှူပါ။ သင့်တော်တဲ့ တစ်နေရာ သွားပြီး ဘုဉ်းပေးပါမယ်။”
သက္ကေဒနသည် ဘုရားရှင်ကို ဦးညွတ်လျက် အရိုအသေ ပေးပြီးနောက် ဘုရားရှင်၏ သပိတ်တော်ကို ယူကာ သူ့အိမ်တွင်းသို့ ဝင်သွာလေ၏။ ထိုနောက် မွန်မြတ်သော ဆွမ်းဘောဇဉ်များကို သပိတ်ထဲ ထည့်ယူလာခဲ့ပြီး ရိုသေစွာ ဦးညွတ်လျက် သပိတ်တော်ကို ဘုရားရှင်၏ လက်တော်သို့ ပြန်လည်ဆက်ကပ်လိုက်၏။ ထို့နောက် သက္ကောဒန၏ မိသားစုဝင်များနှင့် အစေခံများတို့ တစ်ယောက်ပြီးတစ်ယောက် ဘုရားရှင်ကို ရှိုခိုးဦးခိုက်ကြလေ၏။
ဘုရာရှင် ပြန်လည်ကြွချီတော်မူရန် အသင့်ဖြစ်သောအခါ သက္ကောဒနသည် ဘုရားရှင်ကို ရှိခိုးပြီး လျှောက်ထား၏။
“အရှင်ဘုရား . . . တပည့်တော် အရှင်ဘုရားအကြောင်း အမှားတွေကို ကြားသိခဲ့ရတာပါ ဘုရား။ တပည့်တော်ကို ခွင့်လွှတ်တော်မူပါ ဘုရား။”
“ဦးရီးတော် . . . ဘုရားဖြစ်ခဲ့တယ်ဆိုတာဟာ မောဟကြောင့် လမ်းမှာရောက်နေတဲ့ ကမ္ဘာလောကကို လမ်းပြဖို့ပါ။ လမ်းမှားလျှောက်ခဲ့တဲ့ ဦးရီးတော် လမ်းမှန်သိသွားတယ်ဆိုရင် ကျေနပ်စရာပါ။ လမ်းမှန်ကနေ သွေဖည်နေသူတွေ အများကြီး ရှိပါတယ် ဦးရီးတော် . . .။ လမ်းမှားနေသူတွေက အများစုပါ။ တတ်နိုင်သလောက် သူတို့ကို ကူကယ်မယ်။ ကဲကဲ . . . သွားပါဦးမယ် ဦးရီးတော် . . .။”
:)
ရှင်အာစာရ
Portrait of the Buddha (from a Novelist's Pen)
by Jayasena Jayakody, English Translation by K. D. de Lanerolle.
FOR FREE DISTRIPUTION - NOT FOR SALE.
No comments:
Post a Comment