Monday, August 15, 2011

တရားမင်းသခင် - ၂၁။ နာလကရဟန်း

(. . . . . မှ အဆက်)

မြတ်စွာဘုရားရှင်သည် ဥရုဝေလမှ ဗာရာဏသီသို့၊ တစ်ဖန် ဗာရာဏသီမှ ဥရုဝေလသို့ ဒေသစာရီ ကြွချီတော်မူ၍ ထိုမှတစ်ဖန် မဂဓတိုင်း ရာဇဂြိုလ်ပြည်သို့ ရောက်တော်မူ၏။ ထိုသို့ ကြွတော်မူသည့် ခရီးအကြား၌ ထောင်ပေါင်းများစွာသော လူတို့သည် ဘုရားရှင်၏ အဆုံးအမကို ခံယူသည့် တပည့်သာဝကများ ဖြစ်သွားကြလေ၏။ ဘုရားရှင်သည် ထိုလူအပေါင်းတို့ကို သစ္စာတရား သိမြင်စေတော်မူ၏။ မြောက်များစွာသော တပည့်သာဝကတို့သည် ရှင်ရဟန်းအဖြစ်ကို ခံယူပြီး သစ္စာတရားတော်ကို အပြည့်အ၀ နားလည်ကာ ကိလေသာ မှန်သမျှကို ချိုးဖျက်နိုင်ကြသည့် ရဟန္တာ အရှင်သူမြတ်များ ဖြစ်သွားကြလေ၏။ ဘုရားရှင်သည် မြို့များ ရွာများနှင့် လူနေအိမ်ခြေစုများကို ဖြတ်သန်းရင်း သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော ကပိလဝတ်သို့ ကြွချီတော်မူနေ၏။

ဘုရားရှင်၏ ပြည်တော်ပြန် ခရီးစဉ်၌ ဘုရားရှင်နှင့်အတူ လိုက်ပါသူ တပည့်သာဝက ရဟန်းအများစုမှာ ရဟန္တာ အရှင်သူမြတ်များ ဖြစ်ကြ၏။ ဘုရားရှင် ကိုယ်တော်မြတ် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ရဟန်းပြုခဲ့ကြပြီး ရဟတ္တဖိုလ် ဆိုက်ခဲ့ကြသော အဂ္ဂသာဝကကြီးများ ဖြစ်တော်မူသည့် ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလာန်တို့လည်း ထိုခရီးစဉ်၌ ပါဝင်ကြလေ၏။ ဘုရားရှင်လောက်နီးပါး သပ္ပာယ်ခန့်ငြားတော်မူသည့် ရှင်မဟာကဿပ ကိုယ်တော်မြတ်ကြီးလည်း ခရီးစဉ်၌ ပါဝင်လေ၏။

နို့စို့ကလေးသူငယ်ကို လက်ဝဲလက်ဖြင့် ပွေ့ပိုက်လျက်၊ လမ်းလျှောက်သင်စအရွယ် ကိုယ်တုံးလုံး ကလေးသူငယ်ကို လက်ျာလက်ဖြင့် ဆွဲခေါ်လျက် ရှိနေသော အမျိုးသမီး တစ်ယောက်သည် ကြည်ညိုဖွယ်ရာ စနစ်တကျ ကြွချီတော်မူနေသည့် ဖန်ဝါသင်္ကန်း ဆင်မြန်းထားကြသော သံဃာတော်များနောက်သို့ အပြေးအလွှား လိုက်လာနေ၏။ ဘုရားအမှူးရှိသော သံဃာတော်များ ရှေ့မှောက်သို့ သူ ရောက်လာသည်။ သူ့လက်တွင်းမှ ကလေးငယ် နှစ်ယောက်ကား ငိုကြွေးနေကြ၏။ အမျိုးသမီးသည် ဘုရားရှင်၏ ရှေ့တော်မှောက်၌ ရပ်တန့်လိုက်ပြီး မျက်နှာတော်ကို မော်မဖူးဘဲ ကလေးနှစ်ယောက်ကို ကိုယ်တော်မြတ်၏ ခြေတော်အစုံမှာ ပစ်ချလိုက်သည်။ အမျိုးသမီးသည် မောနေသဖြင့် စကားမဆိုနိုင်သေးပေ။ ကလေးငယ်တို့သည် မြေကြီးနှင့် ဆောင့်၍ကျလိုက်ရသဖြင့် နာကျင်သောကြောင့် အသက်ရှူ ရပ်သွားပြီး ခဏတာ အသံတိတ်သွားကြ၏။ ထို့နောက် အသက်ပြန်ရှူနိုင်ကြပြီး ရုန်းကန်လှုပ်ရှားကာ အသံကုန် ဟစ်အော်ကြလေ၏။ အမျိုးသမီးသည် သူ့ရင်ဘတ်ကို လက်နှစ်ဘက်ဖြင့် ထုနှက်လျက် ရှိနေ၏။

ဘုရားရှင်သည် သူ၏ သပိတ်တော်ကို သူ့အနားမှာ ရှိနေသည့် ရှင်သာရိပုတ္တရာ ရဟန္တာ သူမြတ်ထံသို့ ပေးလိုက်၏။ ထို့နောက် ငိုကြွေးမြည်တမ်းနေကြသော ကလေးငယ် နှစ်ယောက်ကို လက်တော်ဖြင့် ကောက်ယူလိုက်၏။ မျက်လှည့်ပြလိုက်သည်နှင့် တူလှလေသည်။ ကလေးငယ် နှစ်ယောက်လုံး အငိုတိတ်သွားကြသည်။ ထိုစဉ် အမျိုးသမီးသည် ဘုရားရှင်၏ မျက်နှာတော်ကို မော်ဖူးလိုက်၏။ အမျိုးသမီးသည် နှလုံးသား၌ မီးစွဲလောင်နေသူကဲ့သို့ ဆတ်ဆတ်တုန်နေသည်။ ထို့နောက် ကလေးနှစ်ယောက်ကို ဘုရားရှင်၏ ခြေတော်ရင်းသို့ ပစ်ချလိုက်စဉ်ကကဲ့သို့ သူ့ကိုယ်သူ မြေပြင်ပေါ် ဗုန်းကနဲ လှဲချလိုက်ပြီး ဘုရားရှင်ကို လျှောက်တင်၏။

“တပည့်တော်မကို ခွင့်လွှတ်တော်မူပါ အရှင်မြတ် ဘုရား . . .။”

“နှမ . . . ဘာဖြစ်လို့လဲ။”

“အရှင်ဘုရား . . .။ တပည့်တော်မ အရှင်ဘုရားကို ကျူးလွန်ပြစ်မှားမိခဲ့ပါတယ် ဘုရား . . .။ ကြမ်းတမ်းတဲ့ ဝစီကံနဲ့ ပြစ်မှားမိခဲ့တာပါ ဘုရား . . .။”

“နှမ . . . ဘာလို့ ပြစ်မှားခဲ့ရတာလဲ။”

“အရှင်ဘုရား . . .။ တပည့်တော်မရဲ့ ခင်ပွန်းသည်ဟာ ရဟန်းဝတ်နေပါတယ် ဘုရား . . .။ ခု အရှင်ဘုရားနောက်မှာ လိုက်ပါနေပါတယ် ဘုရား။ ပြုစုစောင့်ရှောက်ရမယ့် ကလေးနှစ်ယောက်နဲ့ တပည့်တော်မမှာတော့ ခိုကိုးရာမဲ့ ဒုက္ခရောက်နေပါတယ် ဘုရား . . .။ တပည့်တော်မ ဒီကလေးတွေကို ဘယ်လို ပြုစုစောင့်ရမှာလဲ ဘုရား။ အရှင်ဘုရား . . . တပည့်တော်မမှာ ကူညီစောင်မမယ့်သူ မရှိပါဘုရား . . .။ အရှင်ဘုရားဟာ တပည့်တော်မရဲ့ ခင်ပွန်းသည်ကို တပည့်တော်မဆီကနေ လုယူလိုက်တာလို့ ထင်မိပါတယ် ဘုရား။ အရှင်ဘုရားကို ဆူပူကြိမ်းမောင်း လာခဲ့ပြီး အရှင်ဘုရားရဲ့ ခြေတော်ရင်းမှာ ကလေးနှစ်ယောက်ကို ပစ်ချခဲ့ပါတယ် ဘုရား . . .။ အို . . . ရှင်တော်ဘုရား ဒါပေမယ့် . . .။ အရှင်ဘုရားရဲ့ မျက်နှာတော်ကို ဖူးမြင်လိုက်ရတော့ တပည့်တော်မ ကျူးလွန်ပြစ်မှားမိခဲ့တယ် ဆိုတာကို နားလည်လိုက်ရပါတယ် ဘုရား . . .။ တပည့်တော်မကို ခွင့်လွှတ်တော်မူပါ အရှင်ဘုရား . . .။”

“နှစ်မ . . . ခင်ပွန်းသည်ကလွဲလို့ တစ်ခြား ကူညီစောင့်ရှောက်မယ့်သူ မရှိဘူးလား။”ဟု ဘုရားရှင်က မေးတော်မူ၏။

“မရှိပါ ဘုရား . . .။ တပည့်တော်မတို့ဟာ ဆင်းရဲသားတွေပါ။ တပည့်တော်မရဲ့ ခင်ပွန်းသည်ဟာ ဒီမြို့တော်ရဲ့ လမ်းတွေမှာ တံမြက်လှဲပြီး သန့်ရှင်းရေး လုပ်ပေးလို့ အခရတဲ့အတွက် တပည့်တော်မနဲ့ ကလေးတွေကို လုပ်ကျွေးနိုင်ခဲ့တာပါ ဘုရား။ တပည့်တော်မကို ကူကယ်စောင့်ရှောက်မယ့်သူ တစ်ယောက်မှ မရှိပါ ဘုရား။ ကလေးတွေက ငယ်လွန်းနေသေးတော့ တပည့်တော်မကိုယ်တိုင် အခကြေးငွေရအောင် အလုပ်လုပ်ဖို့လည်း အချိန်မရပါ ဘုရား . . .။”

“ဒီကလေးနှစ်ယောက်ဟာ မင့်ကလေးတွေလား။”

“မှန်လှပါ ဘုရား . . .။”

“ဒါဆို ကလေးတွေကို ပြန်ယူပါ”ဟု ဘုရားရှင်က မိန့်တော်မူ၏။

မိခင်ဖြစ်သူက လက်လှမ်းလိုက်သောအခါ မြင်သမျှ အရာဝတ္ထုကို သိမှတ်တတ်ရုံ မျက်စိပွင့်စရွယ် ကလေးငယ်နှင့် လမ်းလျှောက်သင်စအရွယ် ကလေးငယ်တို့သည် မိခင်နောက်သို့ လိုက်ရန် ငြင်းဆန်ကြလေ၏။ ကလေးငယ်တို့သည် ဘုရားရှင်၏ သင်္ကန်းတော်ကို ဆွဲထားကြသည်။ ကိုယ်တော်ကို ဖက်တွယ်ထားကြသည်။ မိခင်ကို မျက်နှာလွှဲထားကြလေသည်။

“နှမ . . . မင့်ကလေးတွေ ပြန်ခေါ်ပါ”ဟု ဘုရားရှင်က ထပ်မံ၍ မိန့်တော်မူပြန်၏။

“အံ့သြစရာ ကောင်းလိုက်တာ အရှင်ဘုရား . . .။ ကလေးနှစ်ယောက်လုံးက အရှင်ဘုရားကို တပည့်တော်ထက် ပိုပြီး ခင်တွယ်ပုံရတယ် ဘုရား . . .။”

“နှမ . . . ငါက သူတို့ကို တရားဓမ္မ ဟောပြပြီး စည်းရုံးသိမ်းသွင်းလိုက်တယ် ထင်သလား”ဟု ဘုရားရှင်က မေးတော်မူ၏။

“မဟုတ်ပါ ဘုရား .  . . သူတို့သဘောနဲ့သူတို့ အရှင်ဘုရားရဲ့ လက်တော်မှာ နေချင်ကြတာပါ။”

“နှမ . . . ဒါဆိုရင် . . . မင့်ကလေးတွေထက် အသိဉာဏ် ပိုပြီး ရင့်ကျက်တဲ့ မင့်ခင်ပွန်းသည်က ငါ့ရဲ့ တရားဓမ္မကို နှစ်သက်သဘောကျတယ် ဆိုတာဟာ မင့်အတွက် အံ့သြစရာ ဖြစ်နေသလား။”

“အရှင်ဘုရား . . . အံ့သြစရာ မဟုတ်ပါ ဘုရား။ တပည့်တော်မ အရှင်ဘုရားကို ကြည်ညိုပါတယ် ဘုရား။ ဒါပေမယ့် တပည့်တော်မရဲ့ ခင်ပွန်းသည်ကို ပြန်ခေါ်ပါရစေ ဘုရား . . .။ တပည့်တော်မကို ခိုကိုးရာမဲ့ဖြစ်အောင် မလုပ်ပါနဲ့ ဘုရား . . .။ ဒီ ကလေးနှစ်ယောက် အငတ်ငတ်  အပြတ်ပြတ်ဖြစ်အောင် မလုပ်နဲ့ ဘုရား . . .”ဟု အမျိုးသမီးက အနူးအညွတ် တောင်းပန်လျှောက်ထား၏။

“နှမ . . . ဒါဆိုရင် ကလေးနှစ်ယောက်ကို ခေါ်သွားပါ။ မင့်ခင်ပွန်းသည်ကို ငါ့ဆီ ခေါ်လာခဲ့ပါ။ ငါဟာ သတ္တဝါ အားလုံးရဲ့ ခိုကိုးရာပါ။ မင့်ကိုရော မင့်ကလေးတွေကိုပါ ခိုကိုးရာမဲ့ဖြစ်အောင်လုပ်ဖို့ ငါ မရည်ရွယ်ပါဘူး။”

“အရှင်ဘုရား . . . ကလေးတွေဟာ သူတို့ဟာသူတို့ ဆိုရင်တော့ တပည့်တော်မလက်ထဲ လိုက်မှာမဟုတ်ပါဘုရား။ ကလေးတွေကို တပည့်တော်မလက်ထဲ ထည့်ပေးဖို့ တောင်းပန်ပါရစေ ဘုရား . . .။”

ဘုရှင်သည် ကလေးငယ်တို့၏ မျက်နှာကို ကရုဏာတော် အပြည့်နှင့် ကြည့်တော်မူလိုက်ပြီး ကြင်ကြင်နာနာ မိန့်တော်မူ၏။

“ကလေးတို့ . . . ကလေးအတွက်တော့ မိခင်ရဲ့ ပြုစုစောင့်ရှောက်မှုဟာ အကောင်းဆုံးပဲ။ မင်းတို့အမေ့ ရင်ခွင်ထဲ လိုက်သွားကြပါ။”

ထိုအခါ ကလေးတို့သည် သူတို့မိခင်နောက် လိုက်သွားကြ၏။

အမျိုးသမီးသည် ကလေးငယ် နှစ်ယောက်ကို ပွေ့လျက်သား ထွက်ပြေးသွား၏။ မကြာမီပင် ရှက်ရွံ့ရွံ့မျက်နှာထားနှင့် ချိနဲ့နဲ့ ရဟန်းသစ် တစ်ပါးကိုခေါ်ကာ ဘုရားရှင်ထံ ပြန်လာ၏။ ရဟန်းသစ်သည် ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက် ထိုင်ချလိုက်ပြီး ကူကယ်ရာမဲ့ ကြောက်ကြေက်လန့်လန့် ဖြစ်နေလေသည်။

“ရဟန်း . . . ဘွဲ့နာမည် ဘယ်လိုခေါ်သလဲ”ဟု ဘုရားရှင်က မေးတော်မူ၏။

“နာလကပါ အရှင်ဘုရား . . .။”

“နာလက . . . သူတို့ဟာ သင့်မယားနဲ့ သင့်ကလေးတွေလား။”

“မှန်လှပါ ဘုရား . . .။”

“ဘာဖြစ်လို့ ရဟန်းပြုခဲ့တာလဲ။”

“အရှင်ဘုရားရဲ့ တရားတော်ကြောင့်ပါ ဘုရား။ လောကီဘောင်ဟာ ခါးသီးလှပါတယ် ဘုရား။ ပူဆွေးသောကတွေ ပြည့်နှက်နေပါတယ် ဘုရား။”

“နာလက . . . သင့်မယားနဲ့ သင့်ကလေးတွေရော အဲဒီ ခါးသီးမှုတွေ မခံစားရဘူးလား။”

“အရှင်ဘုရား . . . တပည့်တော်ရဲ့ မယားက တပည့်တော်ထက်ပိုပြီး သောကဒုက္ခတွေ ခံစားရရှာပါတယ် ဘုရား . . .။”

“နာလက . . . ဘယ်လိုရည်ရွက်နဲ့ ရဟန်းပြုခဲ့တာလဲ။”

“လွတ်မြောက်မှု ဝိမုတ္တိကို ရရှိဖို့ ရည်ရွက်ချက်နဲ့ ရဟန်းပြုခဲ့တာပါ ဘုရား . . .။”

“ဒီလိုဆိုရင် သင့်ထက်ပိုပြီး ဆင်းရဲဒုက္ခ ခံစားရတဲ့ သင့်မယား အတွက်ရော ဘယ်လိုလဲ။”

ရဟန်းသစ်သည် ခေါင်းငိုက်စိုက် ချလျက်သား တွေတွေကြီး ငေးနေရင်း နှုတ်ဆိတ်နေ၏။ ဘုရားရှင်သည် သူဆင်းရဲမ၏ မျက်နှာကို ကြည့်လျက် မိန့်တော်မူပြန်၏။

“နှမ . . . မင့်ခင်ပွန်းသည်ကလွဲလို့ တစ်ခြား ကူညီစောင့်မမယ့်လူ မရှိဘူးလား။”

“မရှိပါ ဘုရား . . .။”

“နာလက . . . သင့်မယားမှာ သင်ကလွဲလို့ တစ်ခြား ကူညီစောင့်မမယ့်လူ မရှိဘူးလား။”

“မရှိပါ ဘုရား . . .။”

ထိုစဉ် လမ်းလျှောက်သင်စ သူငယ်သည် ခေါင်းကုတ်ရင်း၊ နှပ်ရှုပ်ရင်း၊ ဟန်ချက်မညီနိုင်သေးသည့် ယိုင်ခွေခွေ ခြေလှမ်းများဖြင့် ဘုရားရှင်၏ ရှေ့တော်မှောက်၌ ဒူးထောက်ထိုင်နေသော ဖခင်ထံသို့ သွား၏။ သူငယ်သည် လက်သည်းများကို ပါးစပ်နှင့် ကိုက်နေရင်း ဘုရားရှင်၏ သပ်ရပ်ခန့်ငြားသည့် ခြေတော်အစုံကို စိတ်ဝင်တစား ကြည့်နေ၏။ သူငယ်သည် ဘုရားရှင်၏ ခြေတော်အစုံကို ကုန်း၍ ကိုင်ကြည့်လိုက်ချင်၏။ သို့သော် သူ မကိုင်ဝံ့ပေ။ ထို့နောက် သူဖခင်ဖြစ်သူ ရဟန်းသစ်၏ ရင်ခွင်၌ ပွေ့ပိုက်ထားသည့် သပိတ်ဆီသို့ အာရုံရောက်သွားပြီး သပိတ်ထဲ၌ စားသောက်ဖွယ်ရာ တစ်ခုခု ပါလေမည်အထင်နှင့် ချောင်းမြောင်း၍ ကြည့်လိုက်၏။ ထို့နောက် သပိတ်ထဲသို့ လက်နှင့်နှိုက်၍ ကြည့်လိုက်ရာ ဘာမှ မတွေ့ရပေ။ သို့ဖြစ်၍ လက်ဗလာကို ပြန်ရုပ်လိုက်ပြီး ပါးစပ်ထဲ လက်နှိုက်လျက်သား ရှိနေလေ၏။

ထို့နောက် နို့စို့ကလေးသူငယ်သည် ကိုယ်ကို တွန့်လိမ်ထိုး၍ မိခင်ရင်ခွင်မှ မြေပြင်ပေါ်သို့ ဆင်းလိုက်ပြီး သူ့ဖခင်ဆီသို့ လေးဘက်ထောက်လျက် သွားလေ၏။ ပေါက်ခါစ သွားဖွေးဖွေးတို့ကို လှစ်ပြလျက် သူ့ဖခင်ကို ပြုံးဖြဲဖြဲ လုပ်ပြ၏။ ထို့နောက် ဖခင်ပေါ်သို့ တက်သွားပြီး ဖခင်၏ ရင်ခွင်ထဲ၌ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေလေ၏။

တွေတွေကြောင်ငေးနေသူ နာလကရဟန်းသည် သူ့ရင်ခွင်မှ စွတ်စိုပူနွေးသော အထိအတွေ့ကို သတိထားမိလိုက်၏။ သူ့ရင်ခွင်ထဲ၌ ကလေးငယ်က အပေါ့စွန့်လိုက်ပြီဟု သိလိုက်ရသောအခါ ရှက်ရွံ့မိ၏။ ကလေးငယ်ကိုကား ခုံခုံမင်မင် မနှစ်သက်မိပေ။

အဖြစ်အပျက်ကို စောင့်ကြည့်တော်မူနေသည့် ဘုရားရှင်သည် နာလကရဟန်းကို သိမ်မွေ့သော အသံတော်ဖြင့် မိန့်တော်မူလိုက်၏။

“နာလက . . . ဘာတွေ တွေးနေလဲ။ သင့်သဘော အတိုင်းပါပဲ။ သင့်မယား၊ သင့်ကလေးတွေနဲ့ နေခဲ့ချင်တယ်ဆို နေခဲ့ပါ။ သူတို့ကို ထားခဲ့မယ် ဆိုရင်လည်း ထားခဲ့ပါ။”

“အရှင်မြတ် ဘုရား. . .။ ကလေးနှစ်ယောက် အရွယ်ရောက်တဲ့အထိ တပည့်တော် သူတို့နဲ့ အတူနေချင်ပါတယ်ဘုရား။ သူတို့လေးတွေ အရွယ်ရောက်တော့မှပဲ အရှင်ဘုရားဆီ တစ်ခေါက် ပြန်လာပြီး ရဟန်းပြုပါ့မယ် ဘုရား . . .။”

:)
ရှင်အာစာရ

Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment