Friday, August 5, 2011

တရားမင်းသခင် - ၂၀။ တရားဦးဟောတော်မူခြင်း


အဝေးမှ ဘုရားရှင် ကြွတော်မူလာသည်ကို မြင်လိုက်ရလျှင် ကောဏ္ဍည၊ ဝပ္ပ နှင့် အဿဇိတို့သည် ဘုရားရှင်ကို မှတ်မိကြသည်ဖြစ်၍ အချင်းချင်း ကိုယ်ဟန်မူယာ ပြကြလေ၏။ အဿဇိသည် သူ၏ မုဆိတ်မွှေးများကို ဆွဲကိုင်ပွတ်သပ်ရင်း စတင်၍ စကားဆိုလိုက်၏။

“ကြည့်ကြစမ်း . . .။ ငါတို့ဆီက ထွက်သွားတဲ့ ကမ္မဋ္ဌာန်းလူထွက် ရဟန်းဂေါတမကြီး ဝဖီးနေလိုက်တာ။ ကိုယ်ခန္ဓာ လှနေပုံကလည်း လိစ္ဆဝီမင်းသားလေး ကျလို့ပါလား။ တစ်ချိန်က ငါတို့ သူ့ကို ရိုရိုသေသေ ပြုစုလုပ်ကျွေးခဲ့ကြတာ မှန်တယ်။ ဒါပေမယ့် ခုတော့ သူတော်စင် အကျင့်မြတ်မှာ ငါတို့က သူ့ထက်သာတယ်။ သူ့ကို အရိုအသေ ပေးစရာ မလိုဘူး။ ဘယ်သူမှ သူ့ကို မကြိုကြနဲ့။ ဆီးကြိုပြီး သူ့သပိတ်ကို မယူကြနဲ့။ သူ ဆန္ဒရှိရင်တော့ သူလည်း ငါတို့လို မြေကြီးပေါ်မှာ ထိုင်ပါစေ။”

“ဒါပေမယ့် အဿဇိ . . . သူ့ဆီမှာ ထူးခြားတာ တစ်ခုခု ရှိနေတယ်”ဟု ကောဏ္ဍညက ဆို၏။

“ဘာလဲ”ဟု အဿဇိက ပြန်မေး၏။

“သူ့ခြေလှမ်း နဲ့ သူ့ကိုယ်အမူအရာတွေ တည်ငြိမ်နေတယ်။ ခမ်းနားနေတယ်”ဟု ကောဏ္ဍညက ဖြေ၏။

ချက်ချင်းပင် အဿဇိက ကောက်ချက်ချလိုက်၏။
“နန်းတော်ထဲမှာ မွေးဖွားတဲ့ မင်းသားလေး တစ်ယောက်ကို တစ်နေ့သုံးနပ်ကျွေးပြီး ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ပါလား . . .။ သိဒ္ဓတ္ထရဟန်း ခမ်းနားနေတာ အဲဒါမျိုးပါ။ ခန္ဓာကိုယ် ဆင်းရဲပင်ပန်းအောင် မလုပ်ရဘဲနဲ့ ဝိမုတ္တိ ရခဲ့တာမျိုး ကြားဖူးသလား။ ရသေ့ရဟန်း အဖြစ်နဲ့ နေထိုင်ရှင်သန်ဖို့ သူ စိတ်ကူးမရှိတော့ဘူး ထင်ပါတယ်။ ထီးနန်းသရဖူ ရယူဖို့ မျှော်လင့်ချက်နဲ့ ကပိလဝတ် အပြန်မှာ လမ်းကြုံလို့ ငါတို့ဆီ ဝင်လာတာ နေမှာပါ။”

လှမ်းကြွလာနေသော ဘုရားရှင် တဖြည်းဖြည်း နီးလာသည်နှင့် မုဆိတ်မွှေးများ နှုတ်ပယ်နေသူ အဿဇိသည် ရှေးဦးစွာ မတ်တပ်ရပ်လိုက်၏။ အဿဇိသည် ဘုရားရှင်၏ မျက်နှာတော်ကို ဖူးမြင်လိုက်ရသောအခါ ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ကျောင်းသင်္ခမ်း အတွင်းသို့ ဝင်ပြေး၏။ ထိုင်စရာ ခုံတစ်ခု ယူလာပြီး ညောင်ပင်အောက်မှာ ချထားပေး၏။ ထို့နောက် မြေပြင်ပေါ် အလျားမှောက် ချလိုက်ပြီး ဘုရားရှင်ကို ရှိခိုးလေ၏။ ကေဏ္ဍညနှင့် ဝပ္ပတို့လည်း ကြည့်မနေနိုင်တော့ပေ။ ကောဏ္ဍညလည်း အဿဇိကဲ့သို့ပင် ဘုရားရှင်ကို ရှိခိုးလိုက်ပြီး ဘုရားရှင်၏ လက်တော်မှ သပိတ်ကို လှမ်းယူလိုက်၏။ ဝပ္ပသည် ရေ ယူလာပြီး ဘုရားရှင်၏ ခြေတော်အစုံကို ဆေးကြောသုတ်သင်ပေး၏။ ထို့နောက် အများနည်းတူပင် ဘုရားရှင်ကို ရှိခိုးလေ၏။

“ရဟန်းတို့ . . .။ ဘဒ္ဒိယ နဲ့ မဟာနာမ်တို့ရော ဘယ်မှာလဲ”ဟု ဘုရားရှင်က မေးတော်မူ၏။

“ငါ့ရှင် ဂေါတမ . . . သူတို့ ဆွမ်းခံသွားကြပါတယ်”ဟု ပြိုင်တူ ဖြေလိုက်ကြ၏။

“ရဟန်းတို့ . . . သင်တို့ဟာ ဘုရားရှင်ကို ငါ့ရှင်လို့ မခေါ်သင့်ဘူး။ ဂေါတမလို့လည်း မခေါ်သင့်ဘူး။ ဘုရားအဖြစ်ကို သင်တို့ မြတ်မြတ်နိုးနိုး လေးစားသင့်ကြတယ်။ နားထောင်ကြ။ ငါ ဘုရားဖြစ်လာပြီ။ ငါဟာ တည်ငြိမ်အေးချမ်းနေပြီ။ ငါ့ကို ကိလေသာတွေ မထိုးနှက်နိုင်တော့ဘူး။ ငါ ဥရုဝေလက လာခဲ့တယ်။ သင်တို့အကျိုးစီးပွားအတွက် သင်တို့ကို လိုက်ရှာနေတာ။ ရဟန်းတို့ . . .။ လောကမှာ ဘုရားတစ်ဆူ ပွင့်ထွန်းလာပြီ။ အမြင့်မြတ်ဆုံး တရားတော်ဖြစ်တဲ့ သဒ္ဓမ္မကို ငါ တွေ့ခဲ့ပြီ။ သင်တို့ကို ငါ သွန်သင်မယ်။ တရားတော်ကို နာယူကြ။ မွေးဖွားရခြင်း သံသရာနှောင်ဝဋ်က လွတ်အောင် ကြိုးစားကြ။”

“ငါ့ရှင် သင်ဟာ ခက်ခဲပြင်းထန်တဲ့ ဒုက္ကရစရိယာအကျင့် ကျင့်တာတောင်မှ ဉာဏ်အလင်း မရခဲ့တာပဲ။ အခု အစားကောင်းတွေစား၊ အသောက်ကောင်းတွေသောက်ပြီး ဇိမ်ကျကျ ဘဝကို ဖြတ်သန်းနေရင်းနဲ့ ဘယ်လိုလုပ် ဉာဏ်အလင်း ရနိုင်မှာလဲ”ဟု အဿဇိက မေး၏။

“ရဟန်းတို့ . . . သင်တို့ ငါကို ယုံကြည်ဖို့ တွန့်ဆုတ်နေကြတယ်ဆိုတာ ငါ သိပါတယ်။ သင်တို့ ထင်သလို မဟုတ်ဘူး။ ဘဝစည်းစိမ်တွေ ငါ မရှာဖွေခဲ့ဘူး။ စည်းစိမ်ချမ်းသာ ရှာဖွေဖို့ဆိုရင် သင်တို့ဆီက ထွက်ခွာခဲ့ပြီး ကပိလဝတ် သွားရမှာပါ။ ဥရုဝေလ တောအုပ်ဆီ သွားရမှာ မဟုတ်ပါဘူး။ ရဟန်းတို့ . . . ရသေ့ရဟန်း သူတော်စင်တွေ ရှောင်ကြဉ်ရမယ့် အစွန်းနှစ်ပါး ရှိတယ်။ ကာမချမ်းသာတွေကို အာသာငန်းငန်း တပ်မက်စွဲလမ်းခြင်းဟာ နိမ့်ကျတယ်၊ သာမန်လူတွေရဲ့ ကိစ္စပဲ၊ ပုထုဇဉ်တွေရဲ့ ကိစ္စပဲ၊ အရိယာ သူတော်စင်တွေနဲ့ မဆိုင်ဘူး၊ အကျိုးလည်း မရှိဘူး။ ဒါက အစွန်းတစ်ခု။ နောက်တစ်ခုက ခန္ဓာကိုယ်ကို ဆင်းရဲပင်ပမ်းအောင် တစိုက်မတ်မတ် ကျင့်ရတဲ့ အကျင့်ပဲ။ ဒါလည်း ဆင်းရဲပင်ပမ်းဖို့ပဲ၊ မမြင့်မြတ်ဘူး၊ အကျိုးမရှိဘူး။ အို . . . ရဟန်းတို့ . . . ငါဟာ ဒီ အစွန်းနှစ်ပါးကို ရှောင်ကြဉ်ပြီးတော့ ဉာဏ်အလင်း ရရှိစေတဲ့ အလယ်အလတ်တရား မဂ်ဉာဏ်ကို ရရှိခဲ့ပြီ။ ရဟန်းတို့ . . . ဒီ အလယ်အလတ်လမ်းကြောင့် ငါဟာ အကြီးမြတ်ဆုံး ဉာဏ်အလင်းကို ဖြစ်စေနိုင်တဲ့ မြင့်မြတ်တဲ့ ဉာဏ်ပညာကို ရရှိခဲ့တာပဲ။

ဘဒ္ဒိယ နှင့် မဟာနာမ်တို့ ဆွမ်းခံရာမှ ပြန်လာကြလေပြီ။ သီးတင်းသုံးဖော်များ ဘုရားရှင်ထံပါး၌ ဝန်းရံနေကြသည်ကို သူတို့ မြင်လိုက်ကြ၏။ ဘုရားရှင်ကို မြင်မြင်ချင်း ဦးညွတ်လျက် အရိုအသေပြု၍ နှုတ်ဆက်ကြ၏။ ထို့နောက် ဘုရားရှင်၏ ခြေတော်ရင်း၌ အလျားမှောက်၍ ဝတ်စင်းလျက် အရိုအသေ ပြုကြလေ၏။

“ငါ့ရှင် . . . သင့်ကို မြင်မြင်ချင်း ငါ အလွန်ပဲ နှစ်သက်ဝမ်းမြောက်မိပါတယ်”ဟု မဟာနာမ်က ဆို၏။

“ဟုတ်တယ် . . . ဂေါတမ။ သင့်ရဲ့ သွင်ပြင်မူရာဟာ ဆွဲဆောင်မှု ရှိတယ်”ဟု ဘဒ္ဒိယကလည်း မှတ်ချက်ချ၏။

“ရဟန်းတို့ . . .။ ငါဟာ တည်ငြိမ်အေးချမ်းနေပြီ။ ငါ့ကို ကိလေသာတွေ မထိုးနှက်နိုင်တော့ဘူး။ ကိလေသာ အားလုံးကို ငါ ချေဖျက်လိုက်ပြီ။ ငါဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုထားပြီးပြီ။ ငါ ဆင်းဆင်းရဲရဲ ပင်ပင်ပမ်းပမ်း ကြိုးစားပြီး ဖော်ထုတ်ခဲ့ရတဲ့ တရားဓမ္မကို သွန်သင်ပြသပေးဖို့ သင်တို့ဆီ ငါလာခဲ့တာပဲ။ ဆွမ်းဘုဉ်းပေးကြပါ။ နိုးကြားတဲ့စိတ်နဲ့ နေကြပါ။ ငါ တရားဟောမယ်”ဟု ဘုရားရှင်က မိန့်တော်မူ၏။

ရဟန်းတို့သည် သူတို့ ခံယူခဲ့သော ဆွမ်းကို ခွဲ၍ ဘုရားရှင်အား ဆက်ကပ်ကြ၏။ ဆွမ်းကိစ္စပြီးသော် ခဏတာ နားနေကြ၏။ ထို့နောက် တရားဓမ္မ နာယူရန် ဘုရားရှင်ထံ စုရုံးချဉ်းကပ်ကြလေ၏။

“ရဟန်းတို့ . . . နိုးနိုးကြားကြား ရှိကြရဲ့လား။ ကြိုက်သလို ထိုင်ပြီး နာယူကြပါ။ ငါ သင်တို့ကို တရားဒေသနာ ဟောကြားမယ်။ ရသေ့ရဟန်းတို့ ရှောင်ကြဉ်ရမယ့် အစွန်းနှစ်ပါးကို ငါ ဟောပြီးပြီ။ ရဟန်းတွေ လိုက်နာကျင့်သုံးရမယ့် အကျင့်လမ်းကို ဆက်လက်ပြီး ဟောကြားမယ်။ လိုက်နာကျင့်သုံးရမှာကတော့ မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ပဲ။”

ဘုရားရှင်သည် ပဉ္စဝဂ္ဂီ ရဟန်းတို့အား မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ကို ရှင်းလင်း ဟောကြားတော်မူ၏။ အကျင့်မြတ်ကို လက်တွေ့ကျင့်သုံးခြင်းသည် လက်ရှိဘဝ၌ ကျန်းကျန်းမာမာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရှင်သန်နိုင်မည့် နည်းမှန်လမ်းမှန်ဖြစ်ကြောင်း မိန့်တော်မူ၏။ ထိုနောက် သစ္စာလေးပါး မြတ်တရားနှင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်တို့ကို ဟောကြားတော်မူ၏။

“ရဟန်းတို့ . . . လောကအတွင်းရှိ မကောင်းမှု မှန်သမျှရဲ့ အရင်းအမြစ် အဝိဇ္ဇာဆိုတဲ့ မသိမိုက်မဲမှုကို သင်တို့အား ငါ ဟောကြားခဲ့ပြီ။ အဝိဇ္ဇာကြောင့် ဉာဏ်မြင်ကန်းသူတွေဟာ မှားယွင်းမှု အားလုံးကို တွေးတောကြံဆကြတယ်။ အတွေးမှားတွေဟာ ဝိညာဏဆိုတဲ့ စိတ်ကို ဖြစ်ပေါ်စေတယ်။ ဒီ စိတ်ဝိညာဉ်ဟာလည်း မှားယွင်းတာပဲ။ ဒါဟာ နာမ-ရူပဆိုတဲ့ ရုပ်နှင့်နာမ်နာမ်တို့ရဲ့ သဘောမှန်ကို မမြင်နိုင်အောင် ပိတ်ပင်တဲ့ နီဝရဏတရားပဲ။ ဒီတရားကပဲ သဠာယတန၊ ဖဿ၊ ဝေဒနာဆိုတဲ့ အာယတနခြောက်ပါး၊ တွေ့ထိမှု နဲ့ ခံစားမှုတို့ကို ဖြစ်ပေါ်စေတယ်။ ရဟန်းတို့ . . . သမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အသိဟာ အတွေးအသိ မှားယွင်းမှု အဝိဇ္ဇာကို အမြစ်ပြတ် သုတ်သင်ဖို့ နည်းလမ်းဖြစ်တယ်။”

“အရှင်ဘုရား . . . သမ္မာဒိဋ္ဌိဟာ ဘာကြောင့် ဖြစ်ပေါ်ပါသလဲ။”

“ကောဏ္ဍည . . . လောကဟာ ငါတို့ကို တပ်မက်တွယ်တာစေတတ်တယ်။ လွှမ်းမိုးအနိုင်ယူတတ်တယ်။ အမြင်ကန်းစေတတ်တယ်။ အဲဒီ တွယ်တာမှု မရှိဘူးဆိုရင်၊ အဲဒီ ကျွန်ပြုမှု မရှိဘူးဆိုရင်၊ အဲဒီ နှောင်ဖွဲမှု မရှိဘူးဆိုရင် သမ္မာဒိဋ္ဌိ ဖြစ်လာတာပဲ။ ကောဏ္ဍည ပရမတ် သဘောတရားမှာ ဒုက္ခဆိုတာ ရှိပေမယ့် ဒုက္ခကို ခံစားတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။ ကံဆိုတာ ရှိပေမယ့် ကံပြုတဲ့ ပုဂ္ဂိုလ်သတ္တဝါ မရှိဘူး။”

“ကောဏ္ဍည . . .။ ဒီနည်းအတိုင်း ဆင်ခြင်သုံးသပ်ပါ။ ဒီ အခိုက်အတန့်မှာ မြင်တာကို မြင်ကာမတ္တမှာပဲ ရပ်တန့်လိုက်ရဲ့လား။ ကြားတာကို ကြားကာမတ္တမှာပဲ ရပ်တန့်လိုက်ရဲ့လား။ သိတာကို သိကာမတ္တမှာပဲ ရပ်တန့်လိုက်ရဲ့လား။ သဘောပေါက်တာကို သဘောပေါက်ကာမတ္တမှာပဲ ရပ်တန့်လိုက်ရဲ့လား။ အဲဒါတွေ အားလုံးကို လောဘနဲ့ တပ်မက်စရာ၊ ဒေါသနဲ့ စိတ်ဆိုးစရာ အနေနဲ့ စိတ်ထဲမှာ လက်မခံ မသိမ်းပိုက်ဘူးဆိုရင် သူတို့ ဖြစ်စဉ်ကနေ ကင်းလွတ်တယ်။ သူတို့ ဖြစ်စဉ်ထဲမှာ မပါဘဲ နေနိုင်တဲ့ အဆင့်ရောက်တယ်ဆိုရင် အဲဒီအဆင့်က စပြီးတော့ သူတို့တည်ရှိနေတဲ့ လောကမှာ မမွေးဖွားရတော့ဘူး။ အဲဒီ အခြေအနေဟာ ဒီလောကမှာ ရှိတာလည်း မဟုတ်ဘူး။ ဟိုဘက်လောကမှာ ရှိတာလည်း မဟုတ်ဘူး။ ဒီလောက နဲ့ ဟိုဘက်လောကတို့ကြားက လောကတစ်ခုခုမှာ ရှိတာလည်း မဟုတ်ဘူး။ အဲဒါဟာ ဒုက္ခ ချုပ်ငြိမ်းခြင်းပဲ။ အာယတန ခြောက်ပါးကနေ ဝင်လာပြီး ကာမတဏှာကို ဖန်းတီးတတ်တဲ့ အာရုံမှန်သမျှကို စိတ်မှာစွဲမထားဘဲ ငြင်းထုတ်လိုက်ခြင်းဟာ ဒုက္ခကို ချုပ်ငြိမ်းစေတယ်။ ကောဏ္ဍည . . . နိုးကြားတက်ကြွ နေပါစေ။ လောကကို အတ္တ မောဟကင်းတဲ့ အမြင်နဲ့ ကြည့်ပါ။ လောကကို အနတ္တ ဉာဏ်အမြင်နဲ့ ရှုမြင်သုံးသပ်ပါ။”

“ဘုန်းတော် ကြီးမြတ်တော်မူတဲ့ မြတ်စွာဘုရား . . .။ တပည့်တော် နားလည်ပါပြီ ဘုရား။ တပည့်တော် နားလည်ပါပြီ ဘုရား”ဟု အရှင် ကောဏ္ဍညက နှစ်ထောင်းအားရစွာ လျှောက်ထားလိုက်ရာ . . .

ဘုရားရှင်ကလည်း “သာ ဓု . . .။ ကောဏ္ဍည တကယ် သိသွားပြီ။ ကောဏ္ဍည တကယ် သိသွားပြီ”ဟု ကောင်းချီးပြုတော်မူလေသတည်း။

 :)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) 
by Jayasena Jayakody, English Translation by K. D. de Lanerolle. 
FOR FREE DISTRIPUTION - NOT FOR SALE.

No comments:

Post a Comment