Friday, November 18, 2011

တရားမင်းသခင် - ၃၈။ အငြိမ်းရှာသူ


(. . . . . မှ အဆက်)

ကြာပန်းနှင့် ခိုင်းနှိုင်းတင်စားအပ်သော အမျိုးသမီးချော ဥပ္ပလ၀ဏ်သည် ဘ၀ကို စိတ်ပျက် ငြီးငွေ့သည်ဖြစ်၍ ဘုရားရှင် သီတင်းသုံးတော်မူနေရာ ကုဋာဂါရကျောင်းတော်သို့ သွားလေ၏။ ဥပ္ပလ၀ဏ်သည် သူ့ကိုယ်သူ ရှက်ရွံ့နေမိ၏။ လုံးလုံးအသုံးမကျသူဟုလည်း ခံစားနေမိသည်။ သူသည် ဘုရားရှင် တစ်ပါးတည်း ရှိတော်မူချိန်၌ ဘုရားရှင်နှင့် နှစ်ယောက်တည်း တွေ့ချင်နေ၏။ သူ့ဘ၀ ဖြစ်ကြောင်းကုန်စင်ကို ဘုရားရှင်ထံ ဖွင့်ဟလျှောက်ထား၍ ရဟန်းပြုခွင့် တောင်းချင်နေ၏။

နှစ်ရက်ကြာအောင် စောင့်ခဲ့သော်လည်း ဘုရားရှင်နှင့် နှစ်ယောက်တည်း တွေ့ဆုံခွင့် မရသည်ဖြစ်၍ ဥပ္ပလ၀ဏ် စိတ်ပျက်နေ၏။ ကုဋာဂါရကျောင်းတော်သည် အရပ်လေးမျက်နှာမှ ရောက်လာကြသည့် ဒကာဒကာမတို့နှင့် အမြဲတမ်း ပြည့်နှက်နေ၏။ ဘုရားရှင် ဆွမ်းခံကြွလျှင်လည်း တပည့်သား သံဃာတော်တို့နှင့် အတူကြွ၏။ ဆွမ်းခံရာမှ ပြန်လာလျှင်လည်း တပည့်သား သံဃာတော်တို့နှင့် အတူတူပင် ပြန်လာ၏။ လောကီဒုက္ခ ကြုံရသူတို့ ဘုရားရှင်ထံ လာရောက်၍ လွတ်လမ်းရှာကြသည်ကို ဥပ္ပလ၀ဏ် သိ၏။ ဘုရားရှင်၏ ထံတော်၌ အမျိုးသမီးများ ရဟန်းပြုခွင့် ရသွားကြသည်ကိုလည်း သူ သိ၏။ ရဟန္တာသူမြတ် ရှင်မဟာကဿပ၏ ဇနီးဟောင်း ဘဒ္ဒကာပိလာနီ ဘုရားရှင်ထံ လာရောက်၍ ဘိက္ခုနီပြုခွင့် ရလိုက်သည်ကိုလည်း သူ သိ၏။ ဘိက္ခုနီကျောင်းတိုက်၌ ကျင်းပသည့် ဘဒ္ဒကာပိလာနီ အရှင်မ၏ ရဟန်းခံပွဲကိုပင် ဥပ္ပလ၀ဏ် မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။

တတိယမြောက်နေ့၌ မည်သို့ပင် ဖြစ်စေကာမူ ဘုရားရှင်နှင့်တွေ့ရန် အကြံကို လက်တွေ့အကောင်အထည် ဖော်ရမည်ဟု ဥပ္ပလ၀ဏ် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ ဥပ္ပ၀ဏ်သည် စိတ်လှုပ်ရှားလျက် ဘုရားရှင်ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေ၏။ စောင့်ရသည်မှာ ကြာလွန်းလှသည်။ ဘုရားရှင် နေ့သန့်စင်တော်မူချိန်၌ အခွင့်ကောင်းယူ၍ ဘုရားရှင်ထံ ပြေးဝင်သွား၏။

“သည်းခံတော်မူပါ မြတ်စွာဘုရား . . .။ တပည့်တော်မ တစ်ယောက်တည်း အရှင်ဘုရားကို ဖူးတွေ့ချင်လို့ သုံးရက်လုံးလုံး စောင့်နေခဲ့တာ . . . တစ်ချက်ကလေးမှ အခွင့်မသာခဲ့ပါ ဘုရား . . .။ တပည့်တော်မကို ခွင့်လွှတ်တော်မူပါ ဘုရား . . .။”

ဥပ္ပလ၀ဏ်သည် ပြောပြောဆိုဆိုနှင့် ဘုရားရှင်၏ ခြေတော်ရင်း၌ ဒူးထောက်၍ ထိုင်ချလိုက်၏။

“နှမ . . . ပြောပါ။ မင်းလိုလူတွေရဲ့ လျှောက်ထားချက်ကို နားထောင်ဖို့ ငါ အမြဲတမ်း အဆင်သင့်ပါ။ နှမ . . . ပြောပါလေ . . .။ ဘာဖြစ်လို့ ငါနဲ့ တစ်ယောက်ချင်း တွေ့ချင်ရတာလဲ။”

“အရှင်ဘုရား . . . တပည့်တော်မ . . . ကံဆိုးမ လျှောက်ထားဖို့ မလျော်ကန်တဲ့ ဘ၀ဇာတ်ကြောင်းကို လျှောက်ထားရမှာပါ ဘုရား။”

“နှမ . . . မတ်တပ်ရပ်လိုက်ပါ။ မင့်ရဲ့ ဘ၀ဇာတ်ကြောင်း ပြောမှာသာ ပြောစမ်းပါ။ ငါ နားထောင်ပါ့မယ်။”

ဥပ္ပလ၀ဏ် မတ်တတ်ရပ်လိုက်သည်။ မျက်လွှာချလျက် ရှက်နိုးစွာဖြင့် လက်ချောင်းများကို ဖျစ်ညှစ်ဆုပ်နေရင်း သူ့ဘ၀ ဇာတ်ကြောင်းကို ဘုရားရှင်အား လျှောက်ထား၏။

“အရှင်ဘုရား . . . သာဝတ္ထိက ဂုဏ်သရေရှိ အမျိုးသား တစ်ယောက်နဲ့ တပည့်တော်မ လက်ထပ်ခဲ့ပါတယ် ဘုရား . . .။ တပည့်တော်မရဲ့ ခင်ပွန်းသည်ဟာ လှည်းနဲ့လှည့်လည် ကုန်သွယ်သူပါ ဘုရား။ တစ်တိုင်းက တစ်တိုင်း၊ တစ်နယ်က တစ်နယ် လှည့်လည်နေသူပါ ဘုရား။ သူနဲ့ တပည့်တော်မတို့ တော်တော်ကြာအောင် ပေါင်းသင်းနေထိုင်ခဲ့ကြပြီး တပည့်တော်မ ကိုယ်ဝန်ဆောင်တဲ့နေမှာ သူက ထုံစံအတိုင်း ကုန်သွယ်စီးပွား ကိစ္စနဲ့ ရာဇဂြိုဟ်ကို ခရီးထွက်သွားပါတယ် ဘုရား။ တပည့်တော်မ ကိုယ်ဝန်ရလိုက်တာကို သူ မသိပါ ဘုရား။ အဲဒီကနေ တပည့်တော်မ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်လာတဲ့အထိ သူ ပြန်မလာခဲ့ပါ ဘုရား။ ခင်ပွန်းသည် မရှိခင်မှာ ကိုယ်ဝန်ရတာဟာ တပည့်တော်မရဲ့ ဖောက်ပြန်မှုပဲလို့ ယောက္ခမကြီးက တပည့်တော်မကို သံသယနဲ့ စွပ်စွဲပါတယ် ဘုရား။ ဒါတင်မကဘဲ တပည့်တော်မ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် အိမ်ကနေ နှင်ထုတ်လိုက်ပါတယ် ဘုရား . . .။

အဲဒါကြောင့် တပည့်တော် စိတ်ပျက်လက်ပျက်နဲ့ ရာဇဂြိုဟ်ဘက် ထွက်လာခဲ့ပါတယ် ဘုရား . . .။ ခင်ပွန်းသည်ကို လိုက်ရှာဖို့ ထွက်ခဲ့တာပါ . . .။ ရာဇဂြိုဟ် ရောက်ခါနီး လမ်းခုလပ် တစ်နေရာမှာ ရုတ်တရက် ဗိုက်နာလာပြီး မီးဖွားခဲ့ရပါတယ် ဘုရား။ ရွှေတုံးရွှေခဲလို လှပတဲ့ သားလေး မွေးဖွားခဲ့ပါတယ် ဘုရား . . .။ မီးဖွားပြီးတော့ ဇရပ်ပေါ်မှာ သားလေးကို ထားခဲ့ပြီး ကိုယ်လက်သုပ်သင် ရေချိုးပါတယ် ဘုရား။ ရေချိုးရာက ပြန်လာတော့ သားလေးကို မတွေ့ရတော့ပါ ဘုရား။ လင်လည်းဆုံး သားလည်းဆုံးမို့ တပည့်တော်မ အရူးတစ်ပိုင်း ဖြစ်ခဲ့ရပါတယ် ဘုရား . . .။

ဒီလိုနဲ့ တပည့်တော်မ ခြေဦးတည့်ရာ လျှောက်သွားခဲ့ပါတယ် ဘုရား . . .။ အဲဒီလို လျှောက်သွားနေတုန်း ဓားပြဗိုလ်ကြီး တစ်ယောက်က တပည့်တော်မကို ဖမ်းသွားပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးက တပည့်တော်မရဲ့ ရုပ်ရည်ကို သဘောကျပြီး တပည့်တော်မကို မယားအဖြစ် သိမ်းပိုက်လိုက်ပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးနဲ့ သမီးတစ်ယောက် ရခဲ့ပါတယ် ဘုရား။ ဓားပြဗိုလ်ကြီးဟာ တကယ့်ကို မိုက်မိုက်ကန်းကန်း ကြမ်းတမ်း ရက်စက်သူကြီးပါ . . .။ တစ်နေ့တော့ သူက မူးမူးရူးရူးနဲ့ သမီးလေးကို လည်ပင်းကနေ ဆွဲယူပြီး ခေါင်းကို လက်သီးနဲ့ ထိုးလိုက်တာ သမီးလေး ခေါင်းမှာ ဒဏ်ရာရသွားပါတယ် ဘုရား။ တပည့်တော်မလည်း ဆိုးသွမ်းတဲ့ ဓားပြဗိုလ်ကြီးနဲ့ ဆက်ပြီး မပေါင်းရဲတော့လို့ ရာဇဂြိုဟ်ဘက် ထွက်ပြေးခဲ့ပါတယ် ဘုရား . . .။

ရာဇဂြိုဟ်မှာ ဘာမှ လုပ်ကိုင်မစားတတ်လို့ ပြည့်တန်ဆာမ ဖြစ်ခဲ့ရပါတယ် ဘုရား . . .။ တစ်နေ့တော့ တပည့်တော်မဆီ လာပြီးပျော်ပါးတဲ့ ကောင်လေးတစ်ယောက်က တပည့်တော်မကို နှစ်သက်စွဲလမ်းသွားပြီး တပည့်တော်ကို သူ့အိမ် ခေါ်သွားပါတယ် ဘုရား။ နောက်တော့ တပည့်တော်မကို သူ့အိမ်မှာပဲ အနေခိုင်းပါတယ် ဘုရား။ တပည့်တော်တို့ ရာဇဂြိုဟ်မှာ နေကြတုန်း သူက အိမ်မှုကိစ္စတွေ ခိုင်းရစေရအောင် အစေခံမလေးတစ်ယောက် ခေါ်လာပါတယ် ဘုရား။ ကလေးမလေးက အပျိုဖျန်းလေးပါ . . .။ သူက အဲဒီ ကလေးမလေးနဲ့လည်း အကြင်လင်မယားအဖြစ် ဆက်ဆံပေါင်းသင်းပါတယ် ဘုရား။ တပည့်တော်မတို့ မယားပြိုင် အဖြစ်နဲ့ နေခဲ့ရပါတယ် ဘုရား။ တစ်နေ့မှာ . . . တပည့်တော်မ ကလေးမလေးကို ခေါင်းဖြီးပေးရင်း သူ့ခေါင်းမှာ အမာရွတ်တစ်ခု တွေ့ရလို့ မေးမြန်းကြည့်တော့ သူဟာ တပည့်တော်မနဲ့ ဓားပြဗိုလ်ကြီးတို့ရဲ့ သမီးလေး ဖြစ်နေတာကို သိလိုက်ရပါတယ် ဘုရား . . .။

အရှင်ဘုရား . . . တပည့်တော်မရဲ့ ဘ၀ဇာတ်ဆိုးက ဒီလောက်သာဆိုရင် တော်ပါသေးတယ် . . .။ တပည့်တော်မ ဆက်ပြီး စုံစမ်းတော့ တပည့်တော်တို့ သားအမိ နှစ်ယောက်ကို တစ်ပြိုင်တည်း မယားပြုထားတဲ့ တပည့်တော်မတို့ရဲ့ လင်ယောက်ျားဟာ တပည့်တော်မ ရေချိုးသွားတုန်း ဇရပ်ပေါ်မှာ ထားခဲ့မိလို့ ပျောက်ဆုံးခဲ့ရတဲ့ တပည့်တော်မရဲ့ သားလေး ဖြစ်နေတာကို သိရပြန်ပါတယ် ဘုရား . . .။

ရှင်တော်ဘုရား . . . တပည့်တော်မဟာ ကိုယ့်ရင်သွေး သားအရင်းခေါက်ခေါက်နဲ့ လင်မယားအဖြစ် ပေါင်းသင်းရင်း . . . ကိုယ့်ရင်သွေး သမီးအရင်းခေါက်ခေါက်နဲ့ မယားပြိုင် ဖြစ်ခဲ့ရသူပါ . . .။ အဖြစ်မှန်ကို သိလိုက်ရတော့ တပည့်တော်မ တုန်လှုပ်ချောက်ချားပြီး မူးမိုက်မေ့မျော သွားခဲ့ပါတယ် ဘုရား . . .။

တပည့်တော်မ ရှက်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်နေတုန်း ဝေသာလီမှာ ရှင်တော်ဘုရား ရှိနေတယ်ဆိုတာ ကြားသိလိုက်ရတဲ့အတွက် အခုလို အရှင်ဘုရားဆီ လာခဲ့တာပါ ဘုရား . . .။ ရှင်တော်ဘုရား . . . အခု တပည့်တော်မ ဘယ်သူ့ကိုမှ မျက်နှာချင်း မဆိုင်ရဲလောက်အောင် ရှက်ရွံ့လှပါတယ် ဘုရား . . .။ တပည့်တော်မ ဘ၀ကို စိတ်ပျက်ငြီးငွေ့လှပါပြီ ဘုရား . . .။ ကယ်မတော်မူပါ အရှင်ဘုရား . . .။ တပည့်တော်မကို သာသနာတော်တွင်း ၀င်ရောက်ပြုတော်မူပါ ဘုရား . . .။”

“နှမ . . . မင့်ကို သာသနာတော်တွင်း ၀င်ရောက်ခွင့် ပြုပါတယ်။ သွားပါ။ ပဇာပတိ ထေရီမကြီးနဲ့ တွေ့လိုက်ပါ။ ထေရီမကြီးက . . . တောအုပ်ရဲ့ ဟိုဘက်က ဘိက္ခုနီကျောင်းမှာ သီတင်းသုံးပါတယ်။ မင့်ကို ငါ ရဟန်းပြုခွင့် ပေးလိုက်တဲ့အကြောင်း ထေရီမကြီးကို လျှောက်ထားပါ။ သူ့ဆီမှာ ရဟန်းပြုလိုက်ပါ။”

ဘုရားရှင်၏ နှုတ်တော်မှ ခွင့်ပြုသည့် စကားများ ထွက်လာသည်နှင့် တစ်ပြိုက်နက် ဥပ္ပလ၀ဏ် အလွန်အမင်း ၀မ်းသာသွားပြီး ဘုရားရှင်ကို ရှိခိုးဦးချရန်ပင် သတိမရတော့ဘဲ တောအုပ်၏ တစ်ဘက်စွန်းရှိ ဘိက္ခုနီကျောင်းတိုက်ဆီသို့ တဟုန်ထိုး ထွက်ပြေးလေ၏။

:)
ရှင်အာစာရ


Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

No comments:

Post a Comment